နေနော် — ထိုင်းနိုင်ငံအတွင်း လူ ၂ ဦးကို သတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ် နိုင်ငံသား ၄ ဦးအနက် ၂ဦးကို ဖမ်းဆီးရမိပြီးနောက် မတ်လ ၄ ရက် တွင် မြဝတီနယ်စပ်ဂိတ် ပေါက်မှ တဆင့် မြန်မာ တာဝန်ရှိသူများက ထိုင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ ထိုင်းနိုင်ငံ ကမ်ဖဲဖစ်မြို့အနီး ပင်းမြစ်ထဲမှာ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က မျောပါလာသော ခရီးဆောင်အိတ်နှင့် ဆက်စပ်သော လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းမှ ဖမ်းဝရမ်းထုတ် ထားသည်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် မြန်မာ နိုင်ငံအ တွင်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့သည့် တရားခံ ၄ ဦးအနက် Mr.Qin Miao( ၃၁ နှစ်)နှင့် Mr. Fan Gang Gang (၂၅ နှစ်) တို့ ၂ ဦးကို မတ်လ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၌ ဖမ်းဆီးရမိခဲ့၍ မတ်လ ၄ ရက် မွန်းလွဲပိုင်းက ထိုင်းဘက်ခြမ်းသို့ ပြန်လည်လွှဲပြောင်း ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားတရားခံ ၂ ဦးမှာ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့၌ အွန်းလိုင်းလောင်း ကစားပြုလုပ်ရင်း ဆုံးရှုံးသွားသည့် တရုတ်ယွမ်ငွေ ၈ သောင်း ပြန်လည်ရလိုမှုဖြင့် ထိုင်းနိုင်ငံ ပတ္တရား မြို့နေ တရုတ်လူမျိုး Mr Wang Jun နှင့် Ms Bim Zhu တို့ ၂ဦးကို သတ်ဖြတ်ခဲ့သည်ဟု မြန်မာ ဘက်ခြမ်းတွင် ထွက်ဆိုထားသည်။
ဖမ်းဆီးရမိသော တရားခံ ၂ ဦးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့ အကောက်ခွန်ဌာနရုံးခန်းတွင် မြန်မာဘက်ခြမ်းမှ မြဝတီခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင်ခိုင်ဆွေ၊ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရည်နှင့် တာဝန်ရှိသူများက ပြန်လည်လွှဲပြောင်းပေးခဲ့ရာ ထိုင်းနိုင်ငံဘက်မှ ဒု ရဲချုပ် ဆူချထီလစဝမ်၊ ဒု ရဲချုပ် (အထူးနယ်မြေ၊ မြောက်ပိုင်းခရိုင်)အဖိချစီလီဆစ်၊ ဒုရဲချုပ် (အထူးနယ်မြေ) ဒမ်လုံယစ်ဖုန်း၊ တာ့ခ်ခရိုင် လဝကဦးစီးမှူး ပရိန်ယာဝီစစ်ထာဒါနမ်အပါအဝင် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။







