DKBA ထိန်းချုပ်နယ်မြေ တပ်မတော် ဝင်ရောက် စခန်းချနေ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်

DKBA ထိန်းချုပ်နယ်မြေ တပ်မတော် ဝင်ရောက် စခန်းချနေ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်

နေနော် — တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် - NCAတွင် လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့  ထိန်းချုပ်ရာ နယ်မြေတစ်ခုဖြစ်သော ဖလူးကြီးကျေးရွာအုပ်စု ကျောက်ခက်ကျေးရွာအနီးဝန်းကျင်တွင် မြန်မာ့တပ်မတော်က ဝင်ရောက် စခန်းချ နေထိုင်မှုများ ရှိနေ၍ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ယခင်က ထိုနေရာတွင် ဤကဲ့သို့ တပ်မတော်မှ ရက်ရှည် စခန်းချနေထိုင်မှုများ မရှိခဲ့ဖူး၍ ယခုလို ထူးထူးခြားခြား လာရောက် စခန်းချ နေထိုင်မှုအပေါ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျနော်တို့ ကျောက်ခက်ရွာမှာ အရင်က မြန်မာစစ်တပ်ဘက်က လာရောက် စခန်းချနေထိုင်မှု တစ်ခါမှ မရှိခဲ့ဘူး။ အခုလို ရက်ရှည် စခန်းချနေထိုင်မှုကြောင့် နှစ်ဖက်တပ်များ အောက်ခြေမှာ ပွတ်တိုက်မှုများ ရှိလာနိုင်ပြီး တိုက်ပွဲတွေပြန်ဖြစ်မှာကို ရွာသားတွေအနေနဲ့ စိုးရိမ်နေကြတယ်” ဟု ကျောက်ခက်ကျေးရွာနေ စောဒီးဒီးက ပြောသည်။

မြဝတီခရိုင် ဖလူးကြီးကျေးရွာအုပ်စု ကျောက်ခက်ကျေးရွာ အနီးဝန်းကျင်တွင် မြန်မာ့တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ခန့် စခန်းချနေထိုင်လျက်ရှိရာ အဆိုပါတပ်ဖွဲ့ဝင်များမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ခရီးစဉ်လုံခြုံရေး ယူသည့် တပ်ဖွဲ့များဖြစ်ပြီး မတ်လ ၃ရက်နေ့ အချိန်ထိ ထိုနေရာမှာ စခန်းချနေထိုင်မှုများ ရှိနေကြောင်း သိရသည်။

ထိုသို့ မြန်မာ့တပ်မတော် ရက်ရှည် စခန်းချနေထိုင်မှုများရှိနေ၍ ရွာသားများအနေဖြင့် လုပ်ငန်းခွင်နှင့် အခြားသွားရေးလာရေးကိစ္စများတွင် လွတ်လပ်မှု မရှိသလို ခံစားနေရကြောင်း ပြောဆိုကြသည်။

“ရွာထဲမှာ စစ်တပ်ကနေပြီး အခုလို ရက်ရှည် စခန်းချနေထိုင်မှုကြောင့် တိုက်ပွဲများ ဖြစ်လာမှာကို စိုးရိမ်မှုရှိနေသလို ရွာသားများအဖို့ ဖားရှာ၊ ငါးရှာ တောတိုး ထင်းခုတ် အစရှိတဲ့ လုပ်ငန်းခွင်များနဲ့ တခြား သွားရေးလာရေးကိစ္စတွေမှာ လွတ်လပ်မှု မရှိသလို ခံစားနေရတယ်”ဟု ကျောက်ခက် ကျေးရွာနေ နော်အဲ့စယ်မူးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)တွင် ဆွေးနွေးသွားရန်ရှိသော်လည်း လက်ရှိအချိန်တွင် မှတ်ချက်တစ်စုံတစ်ရာ မပေးလိုသေးကြောင်း DKBA ဘက်က ပြောသည်။

မြဝတီမြို့ တောင်ဘက် မိုင် (၃၀)ခန့် အကွာရှိ ဖလူးကြီးကျေးရွာအုပ်စု ကျောက်ခက်ကျေးရွာမှာ အိမ်ခြေ (၂၀၀)ကျော်ခန့် ရှိသည်။ NCAတွင် ၂၀၁၅ အောက်တိုဘာလလယ်ပိုင်းက ပထမဦးဆုံး လက်မှတ်ထိုးထားသည့် DKBAတပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေဒေသတစ်ခု ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...