By လားနွန် – ချင်းအမျိုးသားတော်လှန်ရေးခေါင်းဆောင် ဦးဝမ္မသူးမောင်း ကြေးရုပ်နှင့် ပန်းခြံ ဖွင့်ပွဲအခမ်းအနားကို ချင်းပြည်နယ် မင်းတပ်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ကြရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ဖွင့်လှစ်ပေးခဲ့သည်။
ဧရိယာ ၃ ဧကခန့်ရှိသည့် ပန်းခြံနှင့် ဦးဝမ္မသူးမောင်း ကြေးရုပ်တုကို မင်းတပ်မြို့အဝင် မင်းတပ်-မတူပီ ကားလမ်းနံဘေးတွင် စိုက်ထူခဲ့ကြသည်။
“ချင်းအမျိုးသားခေါင်းဆောင်ကို ပြန်လည်ပြီးတော့ အောက်မေ့သတိရမယ့်၊ သူ့ရဲ့စွမ်းဆောင်ရည်ပေါ့၊ ဂုဏ်သတ္တိတွေ၊ သူ့ရဲ့ဉာဏ်ရည်တို့၊ ကာယစွမ်းရည်တွေ၊ ကလေးတွေက ပြန်ပြီး အားကျပြီးတော့ သူ့လိုပဲ ကိုယ့်ရဲ့ ဒေသ၊ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့လူမျိုးအပေါ်မှာ အနစ်နာခံပြီးတော့ စွန့်လွှတ် စွန့်စားပြီးတော့ ကိုယ့်ရဲ့ အမျိုးသားရေးကို မြှင့်တင်နိုင်တဲ့ ကလေးတွေ ဖြစ်လာစေဖို့ဆိုပြီးတော့ ဒီဟာတွေကို လုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပန်းခြံနှင့် ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလိုင်းကီးရှိန်းက ပြောသည်။
ပန်းခြံနှင့် ကြေးရုပ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဝင်းနားကုမ္ပဏီက ငွေကြေးအရင်းစိုက်ထုတ်ကာ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကုန်ကျသည့် ငွေကြေးပမာဏကို အသေးစိတ် ထွက်ရှိလာပြီးသည့်နောက်တွင် ပန်းခြံနှင့် ကြေးရုပ်အတွက် ကောက်ခံရရှိသည့် ပြည်တွင်း၊ ပြည်ပ အလှူငွေများဖြင့် ပြန်လည်ပေးချေမည်ဟု ဆလိုင်းကီးရှိန်းကပြောသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ့နှင့် ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဦးဝမ္မသူးမောင်းသည် ၁၉၀၀ ခုနှစ် ဧပြီလတွင် ဦးမောင်းထန်းပက်နှင့် ဒေါ်လောမာန်ရောင်တို့မှ ဖွားမြင်ပြီး မွေးရပ်ဇာတိ ဝမ္မသူးရွာ (မင်းတပ်မြို့နယ်) ကိုအစွဲပြု၍ ဝမ္မသူးမောင်းဟု ခေါ်ကြခြင်းဖြစ်သည်။ အမည်ရင်း ထန်းပက်မောင်းဖြစ်ပြီး နယ်ချဲ့ဗြိတိသျှ နှင့် ဖက်ဆစ်ဂျပန်ကို တော်လှန်စဉ်ကာလတွင် သခင်အောင်မောင်းဟု လူသိများခဲ့သည်။
၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့ အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ ပေါ်ပေါက်လာခဲ့ပြီးနောက် ဦးဝမ္မသူးမောင်းက ချင်းဝိဒေသတိုင်း၏ ပထမဆုံး ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။







