ရခိုင်နှင့် ချင်းပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးရန် ဆန္ဒပြသည့် ကျောင်းသား ငါးဦး အဖမ်းခံရ

ရခိုင်နှင့် ချင်းပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးရန် ဆန္ဒပြသည့် ကျောင်းသား ငါးဦး အဖမ်းခံရ
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အင်တာနက်ပြန်ဖွင့်ပေးရန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဆန္ဒပြနေစဉ်။  ဓာတ်ပုံ-ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အင်တာနက်ပြန်ဖွင့်ပေးရန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဆန္ဒပြနေစဉ်။ ဓာတ်ပုံ-ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)

ခင်သရဖီဦး — ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ် (၉)မြို့နယ်ကို အင်တာနက်ပြန်လည်ဖွင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် ဦး ဆောင်သူ (၉)ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် လှစ်ပြီး ယင်းအထဲမှ (၅)ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ကာလကြာရှည်စွာအင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များမှာ အင်တာနက်အမြန်ဆုံးဖွင့်ပေး ရန် အတွ က် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၊ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ရွာသာကြီးနယ်မြေ)နှင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုမြတ်ဟိန်းထွန်း၊ကိုကျော်လင်းနှင့် နှင့်ဗမာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုနောင်ထက်အောင်၊ကိုသုတစိုး၊ကိုဇော်ထက်နိုင်၊ကိုအောင်ပြည့်စုံဖြိုး ၊ကိုသက်တင်အောင်၊မအေးမြတ်မွန်ကျော်နှင့်မနှင်းတို့တို့ကို ကမာရွတ်ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ယင်းအထဲမှ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုနောင်ထက်အောင်၊ ကိုသုတစိုးနှင့် ကိုအောင်ပြည်စုံဖြိုးတို့ကို ကမာရွတ်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေသည်။

ကမာရွတ်ရဲစခန်းမှ ရဲမှူးသိန်းဟန်က “ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့ ဆန္ဒပြတယ်ဗျ။ ကြိုတင် တင်ပြခြင်းမရှိဘဲ ဆန္ဒပြလို့ အကြောင်းမကြားဘဲ ဆန္ဒပြလို့ပါဗျ။ အခုကတော့ လေး၊ငါးယောက်လောက်တော့ စစ်ဆေးနေပါတယ်”ဟု ပြေသည်။

ဆန္ဒပြ ကျောင်းသား၊ကျောင်းသူများကို ဖမ်းဆီးခြင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို  ပိတ်ပင်ခြင်းဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သံတမန်ရေးရာ တာဝန်ခံ ကိုသော်ဇင်ထွန်းက ယူဆသည်။

“ကျနော်တို့အမြင်ကတော့ မတရားမှုကို မတရားကြောင်းဖော်ပြနေတဲ့ လူတွေကို မတရားဖမ်းဆီး တယ် လို့ပဲမြင်ပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ ဖြစ်သင့်တဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့သဘောတရားကို လွတ်လပ်စွာ ပြောဆိုခွင့်၊ လူ့အဖွဲ့အစည်းအသံကို ပိတ်ထားခြင်းခံရတယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဝေဖန်သည်။

ဖေဖော်ဝါရီလ ၂၃ ရက် ဆန္ဒပြပွဲတွင် အင်တာနက်ပြန်ဖွင့်ပေးရန်အပါအဝင် ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းအား လက် နက်ကြီးကျရောက်ပေါက်ကွဲမှု တာဝန်ယူ၊တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရေး၊ပြည်တွင်း ပြည်ပသတင်းမီဒီယာ များကို လွတ်လပ်စွာသတင်းရယူခွင့်ပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။ဆန္ဒပြရာတွင် ကျောင်း သား ၊ကျောင်းသူ (၁၀၀)ဦးခန့် ပါဝင်ပြီး ကမာရွတ်မြို့နယ်၊ဆင်ရေတွင်းကားမှတ်တိုင်မှ လှည်းတန်းလမ်းဆုံအထိ ချီတက် လမ်းလျှောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း အင်တာနက် အမြန်ဆုံးပြန်ဖွင့်ပေးရန်အတွက် ရခိုင်ပြည်နယ် စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရခိုင်လူငယ်မျိုး ဆက်သစ် ကွန်ရက်တို့ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က အင်တာနက်ဖြတ်တောက်ခဲ့သည်။ စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့နယ် တို့ကို ပြန်ဖွင့်ပေးခဲ့ပြီး ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ပြန်ပိတ်ခဲ့သည်။

လက်ရှိအဆိုပါမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ဘေး ရှောင်(၁)သိန်းကျော်မှာလည်း စားဝတ်နေရေးအခက်အခဲရှိနေသည်။

အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း များနှင့် နိုင်ငံတကာသံရုံးများကလည်း တောင်းဆိုနေကြသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...