လိပ်ကျောက်တူးဖော်သူများကို ဝန်ခံကတိ ထိုးစေပြီး ပြန်လွှတ်

လိပ်ကျောက်တူးဖော်သူများကို ဝန်ခံကတိ ထိုးစေပြီး ပြန်လွှတ်

အက်စတာ — ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ငွေပျော်စံပြကျေးရွာအနီး အင်ခိုင်ဘွမ် အမျိုးသားဥယာဉ်အတွင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည့် လိပ်ကျောက်တူးဖော်ခဲ့သူ ၃၅၉ ဦးကို တာဝန်ရှိသူများက ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေပြီး ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

ဝန်ခံကတိတွင် လိပ်ကျောက်တူးဖော်နေသည့် ယင်းနယ်မြေသည် အမျိုးသားဥယျာဉ်ဖြစ်ကြောင်း ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ တောင်ယာမခုတ်ရ ၊ မီးမရှို့ရ ၊ စားကျက်မြေမချရ ၊ သစ်ဥသစ်ဖုမရှာရ ၊ သားငါးတိရစ္ဆာန်မဖမ်းဆီးရ စသည့်အချက်များပါဝင်ပြီး မြစ်ကြီးနားမြို့၏ ရေဝေရေလဲနေရာဖြစ်သည့်အတွက် တူးဖော်နေခြင်းတို့ကို အစိုးရမှ ထိန်းသိမ်းတားမြစ်ရခြင်းဖြစ်ကြောင်း ငွေပျော်စံကျေးရွာတာဝန်ခံ ဦးတောင်းဆာက ပြောသည်။

“ဒါကို ထိန်းသိမ်းကာကွယ်ဖို့ဆိုတာက ကချင်ပြည်နယ်သူ/သား အားလုံးမှာ တာဝန်ရှိတယ်။ မင်းတို့လည်း ပူးပေါင်းပါဝင်ပါ။ နောက်နောင်ကို လာမတူးနဲ့တော့။ ဒါက ကချင်ပြည်နယ်အတွက် အရမ်းကို အရေးကြီးတဲ့ မြေနေရာတစ်ခု ဖြစ်တယ်။ ဒါကို အစိုးရကနေ ကာကွယ်စောင့်ရှောက်နေတယ်။ ပြည်သူလူထုတွေလည်း ပူးပေါင်းပါဝင်ပါ။ နောက်နောင်ကို ဒီလို လာမတူးအောင်ပေါ့။ သူတို့လည်း မတူးတော့ပါဘူး။ သိရှိကြောင်းပေါ့။ တစ်ယောက်ချင်းစီ လက်မှတ်ထိုးခဲ့တာ ဖြစ်တယ် ” ဟု ဦးတောင်းဆာက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

ထိုသို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖမ်းဆီးကာ ဝန်ခံကတိရေးထိုးစေခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် လာတူးဖော်သူ တစ်ဦးမျှမရှိတော့ကြောင်းလည်း ၎င်းကပြောသည်။

အင်ခိုင်ဘွမ် အမျိုးသားဥယျာဉ်တွင် လိပ်ကျော်တူးဖော်နေမှုအပေါ် ဖေဖော်ဝါရီလ ၁၄ရက်နေ့က သစ်တောဦးစီးဌာနမှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိပ်ကျောက်တူးဖော်သူများကို သဘာဝသစ်တောနှင့် ပတ်သက်သည့် အသိပညာပေးကာ ဆက်လက်တူးဖော်ခြင်းမပြုလုပ်ကြရန် တားမြစ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၅ ရက်၊ ၁၆ ရက်နေ့တွင် အသိပညာပေးဆိုင်းဘုတ်များ တပ်ဆင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တူးဖော်နေမှုကြောင့် ဖမ်းဆီးအရေးယူမည်ဆိုပါက ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀ အရ ထောင်ဒဏ် ၅ နှစ်၊ ငွေ ဒဏ် ၃ သိန်းမှ ၁၀ သိန်းထိ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ကျခံရနိုင်ကြောင်းသိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...