ကျောက်တော်မြို့ဖြစ်စဉ်တွင် တပ်မတော်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးကျဆုံးကာ တစ်ဦးဖမ်းမိဟု AA ပြော

ကျောက်တော်မြို့ဖြစ်စဉ်တွင် တပ်မတော်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးကျဆုံးကာ တစ်ဦးဖမ်းမိဟု AA ပြော

နေရောင်မင်း — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကမ္ဘာ့ရတနာဘဏ်အနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ် ၁ နာရီကျော်ခန့်က ပစ်ခတ်မှုဖြစ်ပွားသောကြောင့် တပ်မတော်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးကျဆုံးကာ တစ်ဦးကိုအရှင်ဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

အရပ်ဝတ်ဖြင့်သွားလာနေသည့် မသင်္ကာဖွယ်အမျိုးသားသုံးဦးကို စစ်ဆေးရန်ရပ် တန့်ခိုင်းစဉ် လက်နက်များဖြင့်ပစ်ခတ်သဖြင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ထောက်ပို့တပ်ရင်း ၄၂၄ မှ ဗိုလ်ကြီးအောင်အောင် ကျဆုံးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

“သေနတ်ထုတ်ပြီးတော့ ပြန်ပြီးခုခံတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားလို့ ဗိုလ်ကြီးအောင်အောင်က အဲဒီနေရာမှာ ကျဆုံးသွားတယ်။ နောက်တစ်ယောက်ကလည်း ဒဏ်ရာနဲ့လမ်းမှာသေသွားတယ်။ ကျန်တဲ့တစ်ယောက်တော့ အရှင်ရခဲ့တယ်။ သူတို့သုံးဦးဆီက လက်နက်ငယ်နှစ်လက်ရယ်၊ နောက်ပြီးတော့ ပစ္စတိုတစ်လက်ရယ် သိမ်းဆည်းရမိတာရှိတယ်”ဟု ခိုင်သုခက ပြောသည်။

တပ်မတော်အရာရှိတစ်ဦးနှင့် စစ်သည်နှစ်ဦးသည် ကျောက်တော်မြို့ထဲသို့ ငွေထုတ်သွားစဉ် ဓားဖြင့်ဝိုင်းထိုးခံရခြင်းကြောင့် အရာရှိသေဆုံးသွားခြင်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

“ ကျနော်တို့ သိရသလောက်ကတော့ ဓားနဲ့ဝိုင်းထိုးလို့ ကျဆုံးသွားတာဖြစ်တယ်။ လက်နက်ငယ်သံကြားရတယ်ဆိုတာက သူ့မှာ လက်နက်ပါသွားတာရှိတယ်။ သူခုခံတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ အရာရှိနှင့်အတူ လိုက်ပါလာသည့် စစ်သည်နှစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ယင်းဖြစ်စဉ်များ နှင့် ပတ်သက်ပြီး စုံစမ်းမှုပြုလုပ်လျက်ရှိပြီး လုံခြုံမှုကျိုးပေါက်မှုမရှိစေရန် နယ်မြေခံတပ်များကို ညွှန်ကြားထားသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက်တော်မြို့ထဲသို့ တပ်မတော်ကရောက်ရှိလာပြီး ဘဏ်အနီးစစ်ဆေးမှုများ ပြုလုပ်နေကာ ဒေသခံများလည်း စိုးရိမ်မှုမြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။

ကျောက်တော်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်အများစုတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ကြား တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားလျက်ရှိသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...