မင်းပြား ရာမောင်တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများ စိုးရိမ်နေ

မင်းပြား ရာမောင်တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများ စိုးရိမ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးရှိ ဖားပြိုကျေးရွာနှင့် မင်းရွာကျေးရွာအကြားတောင်တန်းတွင် ဖေဖော်ဝါရီလ (၂၂)ရက် မွန်းလွဲ ၂ နာရီခန့်က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု AA ထံက သိရသည်။

“တိုက်ပွဲအပြင်းအထန်ဖြစ်နေတာရှိတယ်။ မြန်မာစစ်တပ်ဘက်ကတော့ ရဟတ်ယာဉ်တွေနဲ့လာရောက်ပြီးတော့ စက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ လာရောက်တိုက်ခိုက်မှုတွေလုပ်နေတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ထိုသို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ဖားပြို၊ မင်းရွာ၊ ထောင့်ချေ၊ မြစ်နား စသည့်ကျေးရွာများက ဒေသခံများမှာ လုံခြုံသည့်နေရာများတွင် ပုန်းခိုနေရသည်ဟု ဖားပြိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက ပြောသည်။

“စိုးရိမ်မှုကတော့ရှိတာပေါ့။ အဲ့နားမှာက ကားတွေအများကြီးရှိတယ်။ လယ်သမားတွေ၊ ကျွဲနွားတွေလည်း အများကြီးရှိတယ်။ ပြီးတော့ ပစ်ခတ်နေတဲ့နေရာနားမှာ သလုံးတော်စေတီလည်း ရှိတယ်။ ဒီလောက်ပစ်ခတ်ထားတာ အဲဒီနေရာတွေကို လက်နက်ကျည်တွေ မထိသွားဘူးလို့ မပြောနိုင်သေးဘူး။ ရွာသားတွေလည်း ထွက်ပြေးလို့မရလိုက်ဘူး။ ပုန်းနေကြရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG က ဆက်သွယ်ရာတွင် “တိုက်ပွဲဖြစ်တယ်ဆိုတာက AA ရှိလို့တိုက်ပွဲဖြစ်တာ” ဟုပြောဆိုပြီး ရဟတ်ယာဉ်သုံးတိုက်ခိုက်နေသည်ဟု ပြောဆိုချက်နှင့်ပတ်သက်ပြီး “စစ်တိုက်နေတာလေဗျာ။ နိုင်အောင် တိုက်မှာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းက စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာသည်။ ထို့ပြင် အရပ်သားသေဆုံးမှု (၁၃၀)ကျော်ရှိပြီး ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

ရာမောင်တံတားအနီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တိုက်ပွဲကြောင့် ကားဖြတ်သန်းသွားလာမှု ယာယီ ရပ်ဆိုင်းထားခဲ့ရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...