ချင်းအမျိုးသားနေ့မှာ CNF မိန့်ခွန်းပြောကြားရန် ပြန်လည် ခွင့်ပြု

ချင်းအမျိုးသားနေ့မှာ CNF မိန့်ခွန်းပြောကြားရန် ပြန်လည် ခွင့်ပြု

ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်အဆင့် ကျင်းပမည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲတော်အခမ်းအနား၌ ချင်းအမျိုးသားတပ်ဦး (CNF) ကို မိန့်ခွန်း ပြောကြားရန် ပြန်လည် ခွင့်ပြုလိုက်ပြီဟု သိရသည်။

ကနဦးပိုင်းတွင် CNF ကို အခမ်းအနားတက်ရောက်ရန်သာ ဖိတ်ကြား ပြီး မိန့်ခွန်းပြောကြားခွင့်ကိုမူ အထက်ပေါ်လစီအရဟုဆိုကာ ချင်းပြည်နယ်အစိုးရအဖွဲ့က ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

“(မိန့်ခွန်းပြောကြားခွင့်) ခွင့်မပြုရင် မတက်တော့ဘူးလို့ ပြောတာပေါ့နော်၊ ထန်တလန်မြို့မိမြို့ဖတွေက ဟားခါးမှာ ချင်းပြည်နယ်အစိုးရအဖွဲ့ကို သွားတွေ့ပြီး ပြန်တောင်းဆိုတယ်၊ အဲဒီမှာလည်း အထက်ရဲ့ မူဝါဒအရ ဆိုပြီး ခွင့်မပြုနိုင်ဘူးလို့ ထပ်ပြောတာပေါ့၊ ဒါကြောင့် ဒီလို အထက်က ပေါ်လစီတကယ်ရှိသလားဆိုတာ သိချင်တာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို စာရေးလိုက်တော့ ဒီလို ပေါ်လစီ ပိတ်ပင်တားမြစ်တာတွေ မရှိဘူး၊ ပြောလို့ရတယ်ဆိုပြီး အဲဒါနဲ့ အခုတော့ ပြောဖို့ ဖြစ်သွားတာပေ့ါနော်’’ ဟု CNF တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးက ပြောသည်။

ထို့ကြောင့် ထန်တလန်မြို့ချင်းအမျိုးသားနေ့အခမ်းအနားတွင် CNF ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာလျန်မှုန်းဆာခေါင်က မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အထက်က ခွင့်ပြုထားပါတယ်၊ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန) ကို သူတို့တရားဝင်စာတင်ပြီးတော့ NRPC ကနေ တရားဝင်ပြန်ခွင့်ပြုလိုက်တာပေါ့။ CNF ဘက်ကတော့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်၊ ဒေါက်တာရွှေခါးတို့ တက်ရောက်မယ်’’ ဟု ပြောသည်။

ယခင် စစ်အစိုးရအဆက်ဆက် လက်ထက်တွင် ချင်းအမျိုးသားနေ့ကို “အမျိုးသားနေ့” အဖြစ် တရားဝင် ကျင်းပခွင့် မပြုခဲ့ကြဘဲ “ပြည်နယ်နေ့’’ အဖြစ်သာ ကျင်းပခွင့်ပြုခဲ့ကြသည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ယခုကဲ့သို့ တရားဝင် ပြန်လည်ကျင်းပလာနိုင်ရေးအတွက် အဓိက ဦးဆောင်လှုပ်ရှားသူများထဲတွင် CNFလည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာသည့်နောက်ပိုင်း ၂၀၁၂ ခုနှစ်တွင် CNF နှင့် အစိုးရအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်အချိန်တွင် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် တရားဝင်ပြန်လည်ကျင်းပခွင့်ပြုရန် သဘောတူညီခဲ့ကြပြီး ၂၀၁၃ ခုနှစ်ကစ၍ တရားဝင်ပြန်လည်ကျင်းပနိုင်ခဲ့ကြခြင်းဖြစ်သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...