ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဖေဖော်ဝါရီ ၂ရက်က စတင်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး မြို့နယ်ပြင်ပ ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားခြင်းကြောင့် ကုန်စျေးနှုန်း နှစ်ဆတက်သည့်အပြင် ကုန်ပစ္စည်းများလည်း ပြတ်လုနီးပါးဖြစ်နေကြောင်း ပလက်ဝစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင်က “လိုင်းစက်လှေတွေ ကုန်းလမ်း၊ ရေလမ်းကစ အကုန်လုံး ပိတ်ထားရတယ်၊ ဆိုတော့ ဆန်တွေရရှိဖို့ ခက်ခဲလာတယ်။ ဆန်တွေကို ရခိုင်ပြည်ကနေ ဝယ်ပြီးတော့ မှီခိုနေရတာဆိုတော့ စားသောက်ကုန်တွေ ပလက်ဝမြို့မှာ ဝယ်စရာ မရှိတော့တဲ့ဟာတွေ ရှိသလို ရှိတဲ့ဟာတွေကလည်း စျေးအဆမတန် ကြီးသွားတယ်”ဟုပြောသည်။
ယခင်က ကြက်ဥ (၈) လုံးလျှင် တစ်ထောင်ကျပ်၊ ဓာတ်ဆီ တစ်ဂါလံလျှင် ငါးထောင်ကျပ်၊ ရိုးရိုးဆန် တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်သာ ပေါက်ဈေးရှိရာမှ ယခုအခါ ကြက်ဥ (၄) လုံးလျှင် တစ်ထောင်၊ ဓာတ်ဆီ တစ်ဂါလံလျှင် တစ်သောင်းကျပ်၊ ရိုးရိုးဆန်တစ်အိတ် သုံးသောင်းကျော်အထိ ကုန်စျေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထောင်တက်သွားခြင်းဖြစ်သည်။
တိုက်ပွဲပြင်းထန်လာမှုကြောင့် ပလက်ဝမြို့ပေါ်အနီးနားတွင် လက်နက်ကြီးများကျကာ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း၊ ကျေးရွာအနီးနားတွင်လည်း လက်နက်ကြီးများ ကျရောက်လာပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်နေရသဖြင့် ကုန်းလမ်း ရေလမ်း ခရီးသွားယာဉ်များလည်း ရပ်နားထားရကြောင်း သိရသည်။
ပလက်ဝဒေသခံ ဦးဘူထန်ပိုင်က “မိသားစုတစ်စုမှာ ဆန်တစ်အိတ်ရှိတဲ့သူတောင်မှ ရှားရှားပါးပါးဖြစ်နေပြီ။ ထွေအုပ်ရုံးက စစ်ဘေးရှောင်တွေအတွက် ဆန်သိုလှောင်ထားတဲ့ဟာ အိတ်ပေါင်း တစ်ထောင်ဝန်းကျင်လောက်ရှိတယ်ထင်တယ်။ အဲဒါတောင်မှ အခုကုန်သွားပြီ" ဟုပြောသည်။
ထို့အပြင် မီးစက်နှိုးပြီး မြို့ပေါ် လျှပ်စစ်မီးပေးနေရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ ရက်ပိုင်းအတွင်း လျှပ်စစ်မီးပေးနိုင်မည့်အခြေအနေ မရှိတော့ကြောင်း ဦးကျော်အောင်ကပြောသည်။
"မြန်မာနိုင်ငံမှာ ချင်းပြည်နယ်က အဆင်းရဲဆုံး၊ အဲဒီထဲမှာမှ ပလက်ဝက အဆင်းရဲဆုံး၊ အဲဒီကြားထဲ တိုက်ပွဲဖြစ်လာတော့ အလုပ်မလုပ်ရဲ၊ မသွားလာရဲအနေအထားထိ ဖြစ်နေပြီ”ဟု သူက ဆက်လက်ပြောသည်။
ယခုအခြေအနေတွင် ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း ဦးကျော်အောင်က ပြောသည်။







