မင်းပြားတွင် တပ်မတော်၏စစ်ဆေးမှုခံရသည့် အရပ်သားမှာ ဒဏ်ရာများရ

မင်းပြားတွင် တပ်မတော်၏စစ်ဆေးမှုခံရသည့် အရပ်သားမှာ ဒဏ်ရာများရ
by -
နှင်းနွယ် ၊ မျိုးသီရိကျော်

တပ်မတော်က စစ်ဆေးခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အရပ်သားတစ်ဦးမှာ မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသူမှာ အသက် (၃၀)နှစ်အရွယ် ကိုဌေးလှိုင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု၏ ခေါ်ယူစစ်ဆေးမှုခံရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“သူက ဖားပြိုရွာနားက ဓာတ်မီးတိုင်စက်ရုံမှာ အလုပ်လုပ်နေတာ။ တိုက်ပွဲဖြစ်သံကြားလို့ သူက ရွာထဲကိုဝင်ပြေးလာတာ။ အဲဒီအချိန်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ပြီးတော့ ရိုက်နှက်စစ်ဆေးတာ” ဟု ၎င်း ကဆိုသည်။

ထို့ကြောင့် ၎င်းမှာ မျက်နှာအပြင် ဦးခေါင်း၊ခြေ၊လက်များတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ဆေးကုသရန်လိုအပ်နေသော်လည်း တပ်မတော်က လမ်းပိတ်ဆို့ထားသဖြင့် ညနေ (၅)နာရီကျော်အထိ မင်းပြားဆေးရုံသို့ မပို့ဆောင်နိုင်သေးဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့က သူ့ကိုမင်းပြားဆေးရုံကို ပို့ချင်တယ်။ ဒါပေမဲ့ စီစဉ်လို့မရသေးဘူး။ လမ်းကပိတ်နေတယ်။ ကုန်းလမ်းတွေမှာလည်း စစ်ကြောင်းတွေရှိတယ်။ သူတို့က ရေလမ်းကလည်း မဖြတ်ရဘူး။ ဒါကြောင့် ဆေးရုံမပို့ရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာတွင် ဖုန်းကိုင်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ဦးဌေးလှိုင် စစ်ဆေးခံရမှုမှာ မှန်ကန်ကြောင်းနှင့် ယင်းရွာသို့ သွားရောက်ရန်စီစဉ်နေသည်ဟု ပြောသည်။

“လောလောဆယ်တော့ ကျနော်တို့က သံဃာတွေနဲ့ အဲဒီရွာကို ဝင်လို့ရမလားသွားကြည့်မယ်။ သံဃာတွေကို စုထားပြီးပါပြီ။ သံဃာတွေ ဆွမ်းသုံးပြီးတဲ့အချိန်ကျရင် သွားမယ်” ဟု ၎င်းကဆိုသည်။

ဖားပြိုကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ယမန်နေ့ နံနက်ပိုင်းကပင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ပစ်ခတ်မှုများရှိနေသည်။ ထို့ကြောင့် ရွာသားများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ချင်သော်လည်း ထွက်ခွာမရသဖြင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်ဟု ဒေသခံများထံက သိရသည်။

“ကျနော်တို့ရွာကို သူတို့ကဝိုင်းထားတာကြောင့် ရွာသားတွေ ထွက်လို့မရဘူးဖြစ်နေတယ်။ ယောကျ်ားတွေ မထွက်ရရင်တောင် အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ ဒီရွာက ထွက်စေချင်တယ်” ဟု ရွာလူကြီးတစ်ဦးက ပြောသည်။

ဖားပြိုကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မ(၅၅) လက်အောက်ခံ၊ ဗထူးအခြေစိုက်ခမရ(၅၀၈) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ နံနက်(၉) နာရီ(၂၀) မိနစ်အချိန်မှစတင်၍ ညနေ (၆) နာရီခန့်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။



(ဓာတ်ပုံ - အမ်းသားကြီး)

 

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...