စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး – ရာဇဂြိုလ်လမ်းမကြီး အဖြစ်အဆင့်မြှင့်တင်သည့် လမ်းမကြီးတည်ဆောက်မှု စီမံကိန်းတွင်ပါဝင်သည့် ကလေး – လက်ပံချောင်းအကြား လမ်းခင်းမှုတွင် ဒီဇိုင်းရေးဆွဲမှုမှအစ အရည်အသွေးပြည့်မီမှုမရှိကြောင်း ဒေသခံများက ဝေဖန်လျက်ရှိသည်။
လက်ပံချောင်းကျေးရွာဒေသခံ တက်ကြွလူငယ်တစ်ဦးဖြစ်သည့် ကို ဂျက်စီက “သူတို့တွေက ဒီဇိုင်းရှိပြီးသားလုပ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ သူတို့ဒီဇိုင်းဆွဲတဲ့ဟာက တော်တော်ခေတ်နောက်ကျနေတယ်၊ ဂျာမနီနိုင်ငံကနေ ကူညီထောက်ပံ့ပေမဲ့ ဒီဇိုင်းဆွဲတာကိုတော့ ကမ္ဘောဒီးယားနိုင်ငံကို လွှဲလိုက်တယ်၊ သူတို့သုတေသနလာလုပ်တဲ့ချိန်မှာလည်း ဒေသခံတွေကို တွေ့ဆုံဆွေးနွေးတာတွေ တစ်ခုမှ မလုပ်ကြဘူး၊ အဲဒီအချက်ကတော်တော် ဆိုးတဲ့အခြေအနေဖြစ်တယ်” ဟု ပြောသည်။
ယင်းလမ်းဆောက်လုပ်ရေး စီမံကိန်းတွင် ဒီဇိုင်းဆွဲပြီးသားကိုသာ အခြေခံပြီး၊ လုပ်ငန်းများကို အကောင်အ ထည်ဆောင်ရွက်ကြောင်းနှင့် အရည်အသွေးပိုင်းတွင်လည်း မူလဒီဇိုင်းကို အခြေခံ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ်နေသည့် FCGC ကုမ္ပဏီမှ Quality Control အင်ဂျင်နီယာ ကို စိုးထက်ကိုကိုဦးက ပြောသည်။
သူက “ကျွန်တော်တို့ကတော့ အရည်အသွေးပိုင်းပဲဖြစ်ဖြစ် ဒီဇိုင်းဆွဲပြီးသားပေါ် မှုတည်ပြီးတော့ ဆောင်ရွက်တာပါ၊ ပြီးတော့ ဒီလမ်းမကြီးကတော့ ကတ္တရာမဟုတ်သေးဘူး၊ ကတ္တရာခင်းဖို့အတွက် ပထမအဆင့်လောက်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနေနဲ့က သက်မှတ်ပြီးသား ဒီဇိုင်း စီမံကိန်းကို ပြီးအောင်လုပ်ဖို့့ပဲ တာဝန်ရှိတယ်” ဟု ပြောသည်။
ထို့အပြင် လမ်းဆောက်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူအချို့မှ အသိပညာအားနည်းခြင်းကြောင့် ယခုကဲ့သို့ ဝေဖန်ပြောဆိုခြင်း ဖြစ်ကြောင်း လမ်းဆောက်လုပ်ရေးကန်ထရိုက်ရရှိသည့် KFW ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကို စိုးသီဟက မှတ်ချက်ပေးသည်။
ကို စိုးသီဟက “အရည်အသွေးကတော့ မနိမ့်ပါဘူး၊ သူရဲ့အဆင့်အတန်းတစ်ခုတော့ ရှိပါလိမ့်မယ်၊ တစ်ချို့လူတွေကတော့ သူတို့သိပ်မသိလို့လည်း ဖြစ်နိုင်တယ်၊ ပြင်ထိန်းကာလမှာ တာဝန်ယူနေတဲ့ အင်ဂျင်နီယာတွေကို သွားမေးလိုက်ရင်ရပါတယ်၊ ပြီးတော့ လုပ်နေတဲ့ကာလမှာ ကားတွေကလည်း တန်ချိန်များလွန်းတာတွေပါမယ်၊ ရာသီဥတု အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ပြုပြင်ထိန်းသိမ်းရေးကတော့ နှစ်တိုင်းအစိုးရနဲ့ လုပ်နေမှာပါ၊ စာချုပ်ထဲမှာလည်း အကုန်လုံးပါပြီးသားတွေ ဖြစ်တယ်” ဟု ဆိုသည်။
လမ်းဆောက်လုပ်ရေး စီမံကိန်း ဒီဇိုင်းရေးဆွဲရာတွင် ရွာတွင်းနှင့် ဒေသခံများအတွက် ထည့်တွက်စဉ်းစားပေးမှုမရှိပဲ ကလေး-ရာဇဂြိုလ် အဝေးပြေးလမ်းအတွက်သာ စီမံကိန်း ရေးဆွဲခြင်းကြောင့် ရွာတွင်းနှင့်ရွာခံပြည်သူများအတွက် အဆင်မပြေကြောင်း လက်ပံချောင်းကျေးရွာဒေသခံကပြောသည်။
ကို ဂျက်စီက “သူတို့ ဒီဇိုင်းထဲမှာ အဆိုးဆုံးနှစ်ချက်ပြောလိုက်ရင် တစ်ခုက လမ်းမကြီးကိုတော့ ကျယ်ကျယ်ချဲ့ပေးတယ်၊ ဒါပေမဲ့ လမ်းမအလယ်ကို အမြင့်ကြီးထားပြီးတော့ ဘေးနှစ်ဖက်ကိုတော့ နိမ့်နိမ့်လေးထားတော့ သွားလာတဲ့သူအတွက် အန္တရာယ်တော်တော်များတယ်၊ သူတို့ကတော့ ဒေသခံတွေအတွက် မစဉ်းစားပေးဘူး၊ ကလေး-ရာဇဂြိုလ် အဝေးပြေးအတွက်ကိုပဲ စဉ်းစားကြတယ်၊ တံတားထိုးလိုက်ရင်လည်း ရေစီးကြောင်းအတိုင်း မလုပ်တော့ လယ်တောထဲထိ ရေတွေလျှံနေတယ်၊ ပိုက်လိုင်းကိုလည် မြေပြင်ကနေ ၂ ပေထိသွားတူးပြီးမြှုပ်တော့ မိုးတစ်ခါကျရင် သဲတွေက အကုန်လုံးဖုံးလိုက်တဲ့အတွက် ပိုနက်တဲ့နေရာကိုရောက်သွားတယ်” ဟု ပြောသည်။
အစိုးရအနေဖြင့် လမ်းဆောက်လုပ်ရေးလုပ်ငန်းတစ်ခုပြီးစီးပါက ပြုပြင်ထိန်းသိမ်းပေးရန် ကုမ္ပဏီတစ်ခုကို တာဝန်ပေးထားပြီး၊ တစ်နှစ်အတွင်း လိုအပ်သည့် ပြုပြင်ထိန်းသိမ်ရန်အတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေချပေးထားကြောင်း သိရသည်။







