ဝူဟန်ဗိုင်းရပ်စ် သံသယလူနာဟု စောင့်ကြည့်လူနာအဖြစ် ကလေးပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိသည့် လူနာ၏ လက္ခဏာမှာ ခွဲစိတ်လူနာဖြစ်ပြီး မေ့ဆေး၏ နောက်ဆက်တွဲလက္ခဏာသာဖြစ်ကြောင်း ကလေးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကပြောသည်။
ကလေးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါတ်တာအောင်မျိုးဝင်းက “ဝူဟန်ဗိုင်းရပ်စ်သံသယ လူနာတော့ မဟုတ်ဘူး။ ခွဲစိတ်လူနာဖြစ်တဲ့အတွက် မေ့ဆေးပေးပြီးတဲ့ နောက်ဆက်တွဲ အဲလိုဖြစ်တတ်တယ်။ ဒီနေ့မနက် ကောင်းနေပြီ။ မေ့ဆေးကြောင့် အဆုတ်ကနေ အဲလိုပေါ်လာတာဖြစ်တယ်။ ဒီနေ့မနက် ကောင်းသွားတယ် ဝူဟန်ဗိုင်းရပ်စ်ကလည်း အခုတလေ ဟော့နေတာဆိုတော့ လူတွေကလည်း စိုးရိမ်ကြတာပါ”ဟုပြောသည်။
ကလေးမြို့ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ရောက်ရှိလာသည့် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ပြန်ရောက်လာသူမှာ ချင်းပြည်နယ် မတူပီမြို့ နာပုန်းရွာမှ လူနာဖြစ်ပြီး အဆိုပါလူနာမှာ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဂန့်ဂေါဆေးရုံသို့ ရောက်ရှိပြီးနောက် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုလူနာမှာ အဆုတ်မှ ချွဲသံများထွက်သည့် လက္ခဏာများ တွေ့ရှိရခြင်းကြောင့် ပိုမိုစိတ်ချရစေရန်နှင့် အခြားလူနာများအားလုံး အဆင်ပြေစေရန် သီးခြားစောင့်ကြည့်မှုများ လိုအပ်သလို ဆေးကုသစစ်ဆေး ကုသမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အထက်ချင်းတွင်း ကွန်ယက်မှ ဒေသလုံးဆိုင်ရာ ညှိနှိုင်းရေးမှူး ကိုကျော်သက်ဝင်းက “ကျတော်တို့ဖက်ကတော့ စနစ်တကျ စစ်ဆေးပြီးတော့ ထုတ်ပြန်ပေးဖို့ တောင်းဆိုထားတာဖြစ်တယ်။ ပြည်သူလူထုက ထိပ်လန့်နေတဲ့ ကိစ္စဖြစ်တယ်။ ဒီအပေါ်မှာ အဆင့်ဆင့် စစ်ဆေးမှုတွေ လုပ်ပေးစေချင်တယ်။ အခုလူနာကလည်း တရုတ်နိုင်ငံက ပြန်ရောက်လာတဲ့ လူနာဖြစ်တယ်။ သံသယ လူနာအဖြစ် ထုတ်ပြန်ရင်တောင် ပြည်သူလူထုကို အမြန်ဆုံး ထိရောက်တဲ့ ထုတ်ပြန်မှုတွေ ထုတ်ပေးဖို့ ညကတည်းက တောင်းဆိုထားတယ်။ အခုချိန်ထိတော့ ထုတ်ပြန်တာတော့ မရှိသေးဘူး”ဟုပြောသည်။
သူကဆက်ပြီး “လက်ရှိ ဒေသအသီးသီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီရောဂါနဲ့ ပက်သက်ပြီး စောင့်ကြည့်မှုတွေ လုပ်နေတယ်။ ထိထိရောက်ရောက် စစ်ဆေးမှုတွေလည်း လုပ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကလေးမြို့လည်း ရာခိုင်နှုန်းအားဖြစ် (၁၇)ရာခိုင်နှုန်းက တရုတ်နိုင်ငံ သွားပြီးအလုပ်လုပ်တဲ့ သူတွေရှိတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့လာတော့ တရုတ်ကနေပြန်လာတဲ့ လူဦးရေ အရမ်းမြင့်တက်လာတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကားအဝင်အထွက်တွေ စစ်ဆေးမှုတွေ လုပ်နေတယ်။ ဒါကြောင့် ဒီအပေါ်မှာ စနစ်တကျ သတင်းအမှန်ကန် ထုတ်ပြန်ပေးဖို့ လိုလားတယ်”ဟုပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင်လည်း စောင့်ကြည့်လူနာအဖြစ် သံသယရှိသည့်လူနာများကို သီးခြားစောင့်ကြည့်မှုများရှိနေသလို ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံတွင်လည်း အဆိုပါရောဂါပိုးကြောင့် သေဆုံးသူ ထောင်ဂဏန်းကျော်ပြီဖြစ်ကြောင်း တရုတ်သမ္မတကိုယ်တိုင် နိုင်ငံပိုင် သတင်းရုပ်သံဌာနတွင် တရားဝင်ပြောဆိုထားသည်။







