ကမ္ဘာ့ဘဏ်၏ အကူအညီ စောင့်ဆိုင်းခြင်းကြောင့် ကလေး-ဟားခါး နိုင်လွန်ကတ္တရာ ယနေ့ထိ မခင်းနိုင်သေး

ကမ္ဘာ့ဘဏ်၏ အကူအညီ စောင့်ဆိုင်းခြင်းကြောင့် ကလေး-ဟားခါး နိုင်လွန်ကတ္တရာ ယနေ့ထိ မခင်းနိုင်သေး

Salai C.Lian — ချင်းပြည်နယ်မြောက်ပိုင်း၏ အဓိက ဆက်သွယ်ရေးလမ်းဖြစ်သည့် ကလေး- ဖလမ်း – ဟားခါးလမ်းကို နိုင်လွန်ကတ္တရာ ယနေ့ထိ  မခင်းနိုင်ရခြင်းမှာ ကမ္ဘာ့ဘဏ်၏ အချိန်ဆွဲမှုကြောင့် ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောသည်။

“ဘယ်ချိန် စတင်မလဲဆိုတာ ပြောလို့ မရသေးဘူး၊ အခု သူတို့က ၂၀၂၃ ထိ စောင့်ဆိုင်းဖို့ ကျွန်တော်တို့ကို ကမ်းလှမ်းတာ ရှိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီထိတော့ အချိန်မဆွဲကြပါနဲ့လို့ စာပြန်လိုက်တယ်၊ သူတို့ကတော့ အခုထိ စာ ဘာမှ မပြန်သေးဘူး၊ ဒါကတော့ ပြည်ထောင်စုအစိုးရနဲ့ ညှိရမယ့်ဟာ ဖြစ်တယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ကမ္ဘာ့ဘဏ်မှ စီမံကိန်းမန်နေဂျာ ဒေါ်အေးအေးစံက “ကျွန်တော်တို့အနေနဲ့ မှတ်ချက်လည်း မပေးခဲ့သလို ပေးလည်း မပေးချင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလိုင်းက တစ်ပိုင်းဖြစ်နေတော့ ပြည်နယ်ဆောက်လုပ်ရေးနဲ့သာ သက်ဆိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကမ္ဘာ့ဘဏ်အနေဖြင့် အချိန်မဆွဲခဲ့ပါက ချင်းပြည်နယ်အစိုးရ အနေဖြင့် ပြည်နယ်ဘတ်ဂျက်ဖြင့် (၄) နှစ်အတွင်း အပြီးဆောင်ရွက်နိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

သူက ဆက်ပြီး “ဘာဖြစ်လို့ သူတို့ ဒီလောက် နောက်ကျနေတာလဲ မသိဘူး၊ ကျွန်တော်တို့ ဒေါသတောင် ထွက်နေတယ်၊ ကမ္ဘာ့ဘဏ်က ကလေး-ဟားခါးလမ်းကို ဘာမှမခင်းနဲ့၊ ကျွန်တော်တို့ခင်းပေးမယ်၊ တကယ်လို့ ခင်းလိုက်ရင် ကျွန်တော်တို့ ပြန်ခင်းပေးမှာ မဟုတ်ဘူးလို့ပြောတယ်၊ ပြီးတော့ မခင်းဘဲ ကျွန်တော်တို့နေတော့ အချိန်က အတော်လေးကို နောက်ကျသွားတယ်၊ တကယ်လို့ သူတို့က ဒီလိုသာ မပြောရင်တော့ ကိုယ့်ဘတ်ဂျက်နဲ့ (၄) နှစ်အတွင်း ဒီအချိန်ဆို အကုန်လုံး ခင်းပြီးလောက်တယ်” ဟု ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် ကမ္ဘာ့ဘဏ်၏ အချိန်စောင့်ဆိုင်းရန် ပြောဆိုခဲ့မှုကြောင့် လမ်းခင်းမည့် ပြည်နယ် ဘတ်ဂျက်များကို ချင်းပြည်နယ် တောင်ပိုင်းဖက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က “အဲဒါကို စောင့်ရင်းနဲ့ ဘတ်ဂျက်တွေကို ချင်းပြည်နယ် တောင်ပိုင်းဖက်ကို ပေးလိုက်ပြီး လမ်းတွေဖောက်လုပ်ပေးတယ်၊ ချင်းပြည်နယ် တောင်ပိုင်းဖက်မှာတော့ တော်တော်လေးကို တိုးတက်နေပြီ၊ နိုင်ငံခြားက ကိုယ့်ချင်းလူမျိုးတွေ အလည်လာရင် ဒီလမ်းအကြောင်းကိုပဲ အပြစ်တင်လာပြောကြတယ်၊ ကျွန်တော်တို့ ဘာမှမလုပ်သလို ပြောနေကြတယ်၊ ကမ္ဘာ့ဘဏ်ကလည်း ခင်ဗျားတို့ခင်းရင် ကျွန်တော်တို့ နှစ်ထပ်တော့ မခင်းပေးနိုင်ဘူးဆိုလို့ အခုလိုဖြစ်နေတာဖြစ်တယ်” ဟု ဆိုသည်။

ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းကို ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာ သန်း ၆၀ ကျော်ချေးငွေဖြင့် ကူညီဆောင်ရွက်ပေးရန် ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု အစိုးရနှင့် သဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...