မြောင်းမြ မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကျင်းပသည့် ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို မြောင်းမြမြို့နယ် ကဒက်ကွင်းကျေးရွာ၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်ကြောင်း ၇ ကြောင်းချီတက်ကာ စတင်ကျင်းပသွားမည်ဟု ကျင်းပရေး ကော်မတီက ပွဲမတိုင်မီ ပြောသည်။
“နံနက် ၅ နာရီခွဲမှာ စစ်ကြောင်း ၇ ကြောင်းချီတက် နေရာယူမယ်၊ ပြီးရင် အမျိုးသားနေ့ အလံတင် အခမ်းအနားပြုလုပ်မယ်။ အစီအစဉ် နောက်တပိုင်းက သဝဏ်လွှာတွေ ဖတ်ကြားတာ၊ သက်ဆိုင်ရာက အမှာစကား ပြောတာ၊ ကရင့်ခေါင်းဆောင်တွေက အမျိုးသားရေး ဟောပြောတာတွေဆက်လုပ် သွားမယ်’” ဟု မြောင်းမြစာ/ယဉ် ဥက္ကဋ္ဌ မန်းသိန်းကျော်က ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် အမျိုးသားနေ့အခမ်းအနား ပါဝင်တက်ရောက်ရန် ကဒက်ကွင်း ကျေးရွာသို့ ဒေသ အသီးသီးမှ ကရင်များ ကုန်းလမ်း၊ ရေလမ်း ခရီးဖြင့် တဖွဲဖွဲ ရောက်ရှိနေကြကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် သိရသည်။
၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မြောင်းမြ၊ ကျောင်းကုန်း၊ ပုသိမ်၊ ပန်းတနော်၊ ညောင်တုန်း၊ ဟင်္သာတ စသည်တို့တွင် ကျင်းပမည်ဖြစ်သလို ရန်ကုန်၊ ဖားအံ စသည်တို့တွင်လည်း ကျင်းပသွားမည်ဖြစ်သည်။







