နည်းပညာတက္ကသိုလ်ကျောင်းသား သေဆုံးမှု ကလေးမြို့တွင် ဆန္ဒထုတ်ဖော်မည်

နည်းပညာတက္ကသိုလ်ကျောင်းသား သေဆုံးမှု ကလေးမြို့တွင် ဆန္ဒထုတ်ဖော်မည်

Salai C.Lian — ဆိုင်ကယ်မတော်တဆမှုကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည့် ကျောင်းသား တာန်ဒါလ်မွန်းမာန်ကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

တာန်ဒါလ်မွန်းမာန် သေဆုံးမှုနှင့်ပတ်သက်ပြီး ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇန်နဝါရီလ (၂၉) ရက်နေ့က ဆေးရုံတာဝန်ရှိသူများမှ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူများကို အရေးယူပေးရန်နှင့် ငါးရက်အတွင်း အရေးယူမှုမရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု ကလေးတက္ကသိုလ်ကျောင်းသားအဖွဲ့(၁၆)ဖွဲ့က ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်ချက် ထုတ်ခဲ့ကြောင်း သိရသည်။

ဖြစ်မြောက်ရေးကော်မတီဝင် ဆလိုင်း ဟင်နရီက “ကျွန်တော်တို့ ကလေးတက္ကသိုလ်မုခ်ဦး၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ မွန်းလိုင်းနှစ်ခြင်းဘုရားကျောင်း၊ တာဟား EBC လမ်းခွဲ၊ တောင်ဖီလာလမ်းခွဲ၊ ဘူတာလမ်းခွဲတွေမှာ စောင့်ပြီး၊ ဆိမ်ကမ်းသာလမ်းကနေ ပြည်သူ့ဆေးရုံထိ ချီတက်သွားမယ်၊ ပြီးတော့ အရေးပေါ်အသက်ကယ်ဘတ်ဂျက် လုံလောက်စွာထားရှိရန်၊ တာဝန်ခံအာမခံမည့် သူမရှိဟူ၍ လစ်လျူရှုခံလူနာများ ပပျောက်ရန်၊ မြန်မာတစ်နိုင်ငံလုံးရှိ အကျင့်ပျက်ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန်ဆိုတဲ့အချက်တွေကို တောင်းဆိုသွားမယ်” ဟု ပြောသည်။

ထို့ပြင် ကျောင်းသားအဖွဲ့အစည်းများအနေဖြင့် ပြည်သူ၏ အသက်သည် နိုင်ငံ၏အသက်၊ ပြည်သူ၏ ကျန်းမာရေးသည် နိုင်ငံ၏ ကျန်းမာရေး၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏ အနည်းဆုံး (၁၀%) အထိ တိုးမြင့်သတ်မှတ်ပေးရန် စာတမ်းများကို ကိုင်ဆောင်ပြီး လှည့်လည်သွားမည်ဖြစ်သည်။

ဆန္ဒပြထုတ်ဖေါ်ရာတွင် ပြည်သူများအနေဖြင့် ပြည်သူ့ဆေးရုံတိုင်းတွင် လူနာများ၏ ကျန်းမာရေးကို မေတ္တာရှေ့ထားစောင့်ရှောက်ကုသမှု အပြည့်အဝရရှိရေး (ဒို့… အရေး)၊ အကျင့်ပျက်ကျန်းမာရေး ဝန်ထမ်းများအား ထိထိရောက်ရောက် အရေးယူပေး (ဒို့…အရေး) ပြည်သူ့ဆေးရုံများတွင် အရေးပေါ်အသက်ကယ်ဘတ်ဂျက်လုံလောက်စွာထားရှိရေး (ဒို့… အရေး) ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏ အနည်းဆုံး (၁၀%) အထိ တိုးမြင့်ရေး (ဒို့… အရေး) ဆိုသည့် အချက်များကိုပါ ကြွေးကြော်သွားမည်ဖြစ်ကြောင်း သိရသည်။

တာန်ဒါလ်မွန်းမာန်သည် မြို့မစျေးကွေ့အနီး လမ်းမပေါ်တွင် ဇန်နဝါရီလ (၂၆) ရက်ည(၁၁) နာရီဝန်းကျင်၌ ဆိုင်ကယ်မတော်တဆ ဖြစ်ကာ ကလေးပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိပြီး နောက်နေ့တွင် အသက်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...