ကေအဲန်ယူ—ကရင်အမျိုးသားအစည်းအရုံး၏ ဌာန ၁၄ခုအနက် တစ်ခုဖြစ်သော ကော်သူးလေကျန်း မာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံဖြစ်သူ ပဒိုစောအယ်ကလူရွှေဦး (၆၅) နှစ်သည် ဖေဖေါ်ဝါရီ ၈ရက် နေ့လည် ၁၂ နာရီ ၄၉ မိနစ်အချိန်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ သူ၏နေအိမ်၌ ကွယ်လွန်သွားသည်ဟု သိရသည်။
ပဒိုစောအယ်ကလူရွှေဦး၏ သားကြီးဖြစ်သူ စောကစယ်မူဃါးက “ အဖေ ၁၂ နာရီ ၄၉ မိနစ်မှာ နေအိမ်မှာပဲ ဆုံးသွားပါတယ်။ အသည်းကင်ဆာနဲ့ ဆုံးသွားတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ပဒိုစောအယ်ကလူရွှေဦးသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် နော်ပအဲ ကျေးရွာတွင် အမိ နော်ဖော (ကွယ်လွန်)၊ အဖစောကလဲ(ကွယ်လွန်)တို့ထံမှ ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၁၂ ဦးအနက် တတိယမြောက်သားဖြစ်သည်။
သူသည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်း ပညာကို အောင်မြင်ပြီးနောက် ၁၉၇၃ ခုနှစ်တွင် ကရင့်တော်လှန်ထဲသို့ဝင်ရောက်ခဲ့ပြီး မိုင်းဒဏ်ကြောင့် ကျောင်းဆရာအဖြစ် ယာယီ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထို့နောက် ၁၉၈၀ ခုနှစ်တွင် ကေအဲန်ယူဗဟို ဌာနချုပ်ဟောင်း မာနယ်ပလောတွင် အခြေခံ ဆေးသင် တန်း၊ အဆင့်မြင့် ဆေးသင်တန်းတက်ရောက်ပြီးနောက် ဒုဗိုလ်ရာထူးဖြင့် တပ်ရင်းဆေးမှူး၊ ဗဟို ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနအတွင်းရေးမှူးစသည်ဖြင့် အဆင့်ဆင့် တာဝန်ယူပြီး နောက် ဗဟိုအဆင့်ဌာနမှူးတာဝန်ကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း (BMA) ဒါရိုက်တာ စောနေထူးက “သူက အတွေ့အကြုံ ရှိသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသားရေးအတွက် အထူးသဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ငယ်ရွယ်က တည်းက အခုချိန်ထိ သူကြိုးပမ်းအားထုတ်ခဲ့တယ်။ တိုးတက်မှုတွေလည်း အများကြီးရှိတယ်။ ကျနော် တို့နဲ့လည်း နားလည်မှုရှိရှိ အချိန်အတော်ကြာ အတူလက်တွဲ လုပ်ဆောင်လာခဲ့တယ်။ ကျနော်တို့ အရမ်းပဲ ဝမ်းနည်းမိပါတယ်။ သူမရှိတော့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောအယ်ကလူရွှေဦး ကွယ်လွန်ချိန်တွင် အသက် (၆၅) နှစ်ရှိပြီး ဇနီးဖြစ်သူနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သူ၏ စျာပနအခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ ၁၀ရက် (တနင်္လာနေ့)တွင် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ ၊ သေ့ဘေ့ထာ့တွင် ပြုလုပ်သွားမည်ဟု မိသားစုဝင်များက ပြောသည်။







