အဖွဲ့အစည်းမှ ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်အတိုင်း ရပ်တည်သွားပါက ကရင်အမျိုးသားအတွင်း စည်းလုံးညီညွတ်မှုရှိမည်ဖြစ်ကြောင်း KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) နယ်မြေ၊ သေ့ဘေ့ထာ့တွင် ပြုလုပ်သည့် (၇၃) နှစ် မြောက် KNU နေ့ အခမ်းအနား၌ တက်ရောက်လာသော KNU ခေါင်းဆောင်များက ပြောဆိုလိုက်သည်။
ကရင်အမျိုးသားများအတွက် စည်းလုံးညီညွတ်မှု မရှိခြင်းမှာ ရပ်တည်ချက် ခံယူချက်နှင့် ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအပေါ် သွေဖယ်လုပ်ဆောင်နေခြင်းကြောင့်ဖြစ်သည်ဟု ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးက ယခုလိုပြော သည်။
၎င်းက “ကျနော်တို့ မူဝါဒလမ်းစဉ်က လူတစ်ဦးတစ်ယောက်ထဲက ချမှတ်ရေးဆွဲခဲ့တာမဟုတ်ဘူး။ ကရင်အမျိုးသားထုကို ကိုယ်စားပြုတဲ့ ကရင်ကိုယ်စားလှယ်တွေက ချမှတ်ရေးဆွဲထားတာဖြစ်တဲ့အတွက် ဒီလမ်းစဉ်အတိုင်း အတူတကွသွားမယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး မူလမ်းစဉ်အပေါ်မှာ ညီညီညွတ်ညွတ်နဲ့ ရပ်တည်သွားမယ်ဆိုရင် စည်းလုံးမှုရှိမယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် ကရင်အမျိုးသားအတွက် ဦးဆောင်သည့်အဖွဲ့အစည်းနှင့် ချမှတ်ထားသည့် မူလမ်းစဉ်များ ရှိသော်လည်း မိမိအဖွဲ့အစည်းနှင့် မူလမ်းစဉ်အပေါ် ခံယူချက် မမှန်ကန်ခြင်းနှင့် ခေတ်အဆက်ဆက် အုပ်စိုးသူ လူတန်းစားများ၏ သွေးခွဲမှုများကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲနေရခြင်းဖြစ်ကြောင်းလည်း ဖားအံခရိုင်ဥက္ကဋ္ဌက ဆက်ပြောသည်။
လက်ရှိတွင် KNU အစည်းအရုံးမှ ၁၉၉၄ မှစ၍ ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အုပ်စုများစွာ ပေါ်ထွက်ခဲ့သလို မတူညီသော ကရင်နိုင်ငံရေးပါတီများနှင့် ပြည်တွင်းပြည်ပတွင် အမျိုးသားရေး၊ ဘာသာရေး၊ မျိုးနွယ်စုနှင့် စာပေအပေါ် အခြေခံသည့် ကရင်အဖွဲ့အစည်းပေါင်းများစွာ ကွဲပြားပေါ်ပေါက်လာခဲ့ပြီး ၎င်းအဖွဲ့အစည်းများအကြား ပဋိပက္ခဆန်သော ပြဿနာများစွာ ဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။
KNUမှ ၁၉၉၄ ခုနှစ်မှစ၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA (ယခု ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်)၊ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီ၊ ဘုရားကုန်း၊ ဟောင်သရောအထူး ဒေသစသည်ဖြင့် လက်နက်ကိုင်အုပ်စုခွဲထွက်သွားခဲ့သလို ၎င်းမှတဆင့် ၂၀၁၀ ခုနှစ်တွင် အစိုးရ နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်းသွားသည့် ကရင်လက်နက်ကိုင်အုပ်စုများလည်းရှိခဲ့ပြီး ၎င်းလက်နက်ကိုင်အုပ်စုများကို ယနေ့အချိန်ထိ ပြန်လည်စုစည်းနိုင်ခြင်း မရှိသေးကြောင်း KNU က ပြောဆိုသည်။
ယနေ့ အခမ်းအနားသို့ တက်ရောက်လာသူ နော်ဖောဂေခုက “ KNU အနေနဲ့ ကျမတို့ ကရင်လူထု တစ်ရပ်လုံးအတွက် ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့ ဦးဆောင်ပြီး တော်လှန်လာခဲ့တာ (၇၃)နှစ်ကြာအောင် အခက်အခဲတွေအကြားမှာ ရပ်တည်လာခဲ့တယ်။ ဒါပေမဲ့ မပြိုကွဲ မပျက်စီးသေးပဲ ရပ်တည်နေတုန်းဖြစ်တဲ့အတွက် အနာဂတ်မှာလည်း KNU အနေ နဲ့ ကျမတို့ ကရင်ပြည်သူလူထုတွေလိုလားချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆက်လက် ရပ်တည် နိုင်ဖို့ကို မျှော်လင့်ပါတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ KNU နေ့ အခမ်းအနားသို့ သက်ဆိုင်ရာ KNU ခေါင်းဆောင်များ၊ အရာရှိ စစ်သည်များနှင့် တပ်ဗိုလ်တပ်သားများ၊ ကျောင်းသူကျောင်းသားများ၊ ဒေသခံလူထုများနှင့် မဟာမိတ်ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီးနောက် သက်ဆိုင်ရာခေါင်းဆောင်အသီးသီးမှ အမှာစကားများ ပြောကြားခဲ့သည်။
KNU ကို ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကရင်အမျိုးသားအဖွဲ့အစည်း(Karen National Association-KNA)၊ ကရင်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(Buddhist Karen National Association-BKNA)၊ ကရင်လူငယ်အစည်းအရုံး (Karen Youth Organization-KYO)နှင့် ကရင်ဗဟိုအဖွဲ့ချုပ်(Karen Central Organization-KCO) စသည့် ကရင်အဖွဲ့ အစည်းများဖြင့် စုပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။







