မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့ဟုဆိုကာ ကျောင်းထိုင်ဆရာတော်များထံ ငွေတောင်းယူမှု ဖြစ်ပွား

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့ဟုဆိုကာ ကျောင်းထိုင်ဆရာတော်များထံ ငွေတောင်းယူမှု ဖြစ်ပွား

စောမြတ်ဦးသာ — ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ အဖွဲ့ဟုဆိုကာ ကျောင်းထိုင်ဆရာတော်များထံ လာရောက်တွေ့ဆုံပြီး လျှပ်စစ်မီတာတပ်ဆင်ခနှင့် မီးကြိုးတပ် ဆင်ကုန်ကျစ ရိတ်အတွက် ငွေတောင်းခံမှုဖြစ်ပွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူထံမှ သိရသည်။

ဘုရားငါးဆူကျောင်း၊ လဲယသီ့ကျောင်း၊ မြို့ဟောင်းကျောင်း၊ ခလယ်ကျောင်းကြီးနှင့် ခလယ်ရွာလေးကျောင်းမှ ဆရာတော် အသီးသီးတို့ ထံတွင် လျှပ်စစ်မီးတပ်ဆင်ခ ၁ဝ သိန်းကျော် ကုန်ကျသည့်အထဲမှာ ဘာသာရေးအဆောက်အဦးနေရာဖြစ်သည့်အပေါ် ကျပ် ၄,၅ဝဝဝ (လေး သောင်းငါးထောင်) သာ ကောက်ခံယူသွားမည်ဟုဆိုကာ ၎င်းလျှပ်စစ်အဖွဲ့အမည်ခံသူများက ငွေတောင်းယူသွားသည်ဟု ခလယ်ရွာလေး ဆရာတော် ဦးပညာလောက က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကေအိုင်စီသို့ မိန့်ကြားသည်။

“ ကျောင်းထဲဝင်လာပြီး မြို့နယ်လျှပ်စစ်အဖွဲ့က ပြောတယ်။ မီးတိုင်စိုက်ပေးမယ်၊ မီတာဖတ်ပစ္စည်းတွေ လျှပ်စစ်မီးသွယ်တန်းခ ၁ဝ သိန်း ကျော် ကုန်ကျတယ်ပြောတယ်။ ဘုန်းကြီးကျောင်းဆိုတော့ တစ်ဝက်ပဲယူမယ်ဆိုပြီး ပြောတာပေါ့။ ၄ သိန်းခွဲ ပေးလိုက်ရတယ်။ သာသနာ အတွက် ကားသွားလာနိုင်အောင်ဆိုပြီး ရုံးမှာပြန်တင်ပေးမယ်ပြောတယ်။ ၂ သိန်းထပ်ပေးလိုက်ရတယ်၊ ကျောင်းဆောက်ဖို့ လာလှူထားတဲ့ ငွေတွေပါ”ဟု ခလယ်ရွာလေး ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အစိုးရမဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဝင်းရော်ဒေသဘက်တွင် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် ၁၁ ဓာတ်အားလိုင်း မီးတိုင်စိုက်ထူခြင်း၊ ၄ဝဝ ဓာတ်အားလိုင်း ချိတ်ဆက် တပ်ဆင်ခြင်းလုပ်ငန်းများနှင့် လူနေအိမ်၊ ဘာသာရေးအဆောက်အဦး၊ အစိုးရဌာနဆိုင်ရာနေရာများတွင် လျှပ်စစ်မီးကြိုး တပ်ဆင်ခြင်း အကောင်အထည်ဖော်ဆောင်နေသည့်ကာလလည်း ဖြစ်သည်ဟု ကျေးရွာမီးလင်းရေး ကော်မတီများထံမှ သိရသည်။

ခလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းဆန်းညွန့်မောင်က “ ဘာသာရေးနဲ့ဆိုင်တဲ့နေရာမှာ အဓိက လိမ်သွားကြတာ။ အစိုးရ ဌာန ဆိုင်ရာနေရာနဲ့ ဘာသာရေးနေရာတွေမှာ ၄ဝဝ ဓာတ်အားလိုင်း ချိတ်ဆက်သွယ်ယူတာက ငွေကြေးမယူဘူးလို့ လူထုတွေနဲ့ အစည်း အဝေးလုပ်တုန်းက ဆုံးဖြတ်ချက်ချထားတယ်။ အားလုံးလည်း သိရှိထားကြပြီးသားပါ။ မီးလင်းရေးအဖွဲ့က ရုံးမှာအစည်း အဝေးပြန်ထိုင်ပြီး တစ်ဝက်ကြေးပြန်ယူမယ်ဆိုလို့ လာလိမ်ပြောလို့ ခံလိုက်ရတာပါ။ ကျေးရွာရပ်ကွက်မှူး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို မေးမြန်းပြီးမှ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ဇန်နဝါရီလ ၇ ရက်မှ ၂၉ ရက်နေ့အထိ ဘုန်းတော်ကြီးကျောင်း ဆရာတော်များထံတွင် လျှပ်စစ်အဖွဲ့အမည်ခံသူများက ရက်ခြားဖြင့် လာ ရောက်တွေ့ဆုံကာ ခလယ်ကျောင်းကြီးတွင် ၄၅,၀၀၀၀ (လေးသိန်းငါးသောင်း)၊ ခလယ်ရွာလေးကျောင်းတွင် ၆၅၀,၀၀၀(ခြောက်သိန်းငါး သောင်း)၊ လဲယသီ့ကျောင်းတွင် ၇၀,၀၀၀ (ခုနှစ်သောင်း)နှင့် ဘုရားငါးဆူကျောင်းတွင် ၂ ၀၀,၀၀၀ ( နှစ်သိန်း)ကျပ် ငွေတောင်းရယူ သွားခဲ့ပြီး မြို့ဟောင်းကျောင်းတွင် ဆရာတော်ခရီးသွားနေသည့်အတွက် ထိုအဖွဲ့မှ ကျောင်းအတွင်း လိုက်လံမေးမြန်းစစ်ဆေးမှုပြုလုပ်သွားကြောင်း ကျေးရွာမီးလင်းရေးတာဝန်ရှိသူများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစီးမှူး ဦးအုန်းထွန်းက “ဌာနအနေနဲ့တော့ ကျေးရွာထဲမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းမှန်သမျှ ဘာတစ်ခုမှလုပ်လို့မရဘူး။ သတိတော့ပေးတယ်။ ကျနော်တို့ဝင်ပါလို့ မရဘူးပေါ့နော်။ ကျွမ်းကျင်မှုအပိုင်းဆိုင်ရာတွေမှာ တော့ ခေါ်ပေးလို့ရတယ်။ ကျေးရွာမီးလင်းရေးကော်မတီကပဲ အဓိကထားကြပါလို့ တိုက်တွန်းချင်တယ်” ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြို့နယ်လျှပ်စစ်ဌာနအဖွဲ့အမည်ခံကာ ကျောင်းထိုင် ဆရာတော်များ ထံ ငွေကြေးတောင်းယူလိမ်လည်ခဲ့မှုအပြင် မြို့နယ်ရဲမှူးအမည်ခံကာ အုပ်ချုပ်ရေးမှူးများကို ဖုန်းဆက်ငွေကြေး တောင်းခံလိမ်လည်မှုများလည်း ဖြစ်ပွားခဲ့ပြီး ယခုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု အုပ်ချုပ်ရေးမှူးများက ပြောသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...