စောမြတ်ဦးသာ — ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ မြို့နယ်ရဲမှူးဟု ဆိုကာ ဇန်နဝါရီ ၂၈ ရက်နေ့က ဖုန်းဆက် ငွေတောင်းခံမှု ဖြစ်ပွားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
ဘုရားသုံးဆူမြို့ ရပ်ကွက်(၂)၊ (၃)နှင့် ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးများကို ရပ်ကွက်အတွင်း အမှုအခင်း တိုင်ကြားထားသည်ဟုဆိုကာ မြို့နယ်ရဲမှူး အမည်အသုံးပြုပြီး ဖုန်းဆက် ငွေတောင်းခံလာမှုကြောင့် စုစုပေါင်း ငွေကျပ် သိန်း ၃ဝ နီးပါးကို ဖုန်းဆိုင်မှတစ်ဆင့် ငွေ လွှဲပို့ပေးခဲ့ရသည်ဟု ဘုရားသုံးဆူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောသည်။
ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးသောကြာက “သူကိုယ့်သူ မြို့နယ်ရဲမှူးဆိုပြီး မိတ်ဆက်တာပေါ့နော်။ ရပ်ကွက်နဲ့ ပတ်သက်ပြီး တိုင်တာပြုတာ ရောက်နေတယ် ပြောတယ်။ ဖုန်း ၃ဝ လုံးစာအတွက် တစ်လုံးကို ၅ သောင်းကျော် ထည့်ပေးတယ်။ ကျနော်က ၁၆သိန်း၊ ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူးက (၁၂) သိန်း၊ ရပ်ကွက်(၂)က ၆ သောင်း ပါသွားတယ်။ တစ်ရက်တည်းမှာပဲ လိမ်ပြောသွားတယ်၊ ပုံစံ အတူတူပါပဲ” ဟု ဖေဖေါ်ဝါရီ ၃ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ရဲမှူးအမည်ခံပြီး အုပ်ချုပ်ရေးမှူးများကို အမှုအခင်း တိုင်ကြားစာ ရောက်ရှိထားသည်ဟုဆိုကာ ငွေကြေးတောင်းယူ လိမ်လည်မှု ဖြစ်ပွားခဲ့သည့်နေ့တွင် မြို့နယ်ရဲမှူးနှင့် ခရိုင်ရဲမှူးတို့က ဘုရားသုံးဆူမြို့ ခရီးစဉ် သွားသည့်နေ့နှင့် တိုက်ဆိုင်ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရဲမှူးထံ မေးမြန်းကြည့်ရာမှ လိမ်လည်သွားခဲ့မှန်း သိရှိရသည်ဟု အုပ်ချုပ်ရေးမှူးများက ပြောသည်။
မြို့နယ်ရဲမှူး ဝင်းဗိုလ်က “ မြို့နယ် လပတ်အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးတွေရော၊ ရပ်ကျေးစာရေးတွေရော၊ ရပ်မိရပ်ဖတွေရော အားလုံး ပြောထားတယ်။ အခု အမှုဖွင့်ထားတယ်။ အဲဒီ အုပ်ချုပ်ရေးမှူးတွေနဲ့ မရင်းနှီးဘူး။ ဖုန်းနံပါတ်လည်း မရှိဘူး။ အမှန် သူတို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ဖို့ လိုအပ်တာပေါ့။ ပထမတစ်ရက်မှာ အလားတူ ကြာအင်းဆိပ်ကြီးမြို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ယောက်က ကျနော့်ဆီကို လာပြီး မေးမြန်းလုပ်လို့ မခံလိုက်ရဘူး။ နောက်ရက်ကျမှ ဘုရားသုံးဆူမှာ ခံလိုက်ရတယ်” ဟု ဖေဖေါ်ဝါရီ ၃ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ယခင်မြို့နယ်ရဲမှူး ဦးဝင်းနိုင်လက်ထက်တွင် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများကို ရဲမှူးအမည်ခံကာ ဖုန်းဆက် ငွေကြေးတောင်းယူမှုဖြစ်စဉ် ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအတွင်း ကျောင်းထိုင်ဆရာတော်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ငွေကြေး လိမ်လည်တောင်းယူမှု အများဆုံး ဖြစ်ပွားလျက်ရှိသည်။







