မြဝတီတွင် မိုင်းဗုံး နှစ်လုံး ဆက်တိုက် ပေါက်ကွဲ၊ နှစ်ဦး ဒဏ်ရာရ

မြဝတီတွင် မိုင်းဗုံး နှစ်လုံး ဆက်တိုက် ပေါက်ကွဲ၊ နှစ်ဦး ဒဏ်ရာရ
Photo: Nay Naw
Photo: Nay Naw

နေနော် — ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ဖေဖေါ်ဝါရီ ၃ရက် နံနက် ၇ နာရီခွဲခန့်က ယမ်းအားပြင်း မိုင်းဗုံး နှစ်လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မင်းပဒုံမာဝန်း အာရှလမ်းနံဘေးရှိ ဦးစောတင်မြင့် (၆၁ နှစ်) ၏ နေအိမ်ရှေ့ ဝရန်တာနေရာတွင် မိုင်းဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကြောင့် အိမ်ပိုင်ရှင် ဦးစောတင်မြင့်မှာ ဝဲဘက် ပေါင်တွင် ယမ်းစထိမှန်ဒဏ်ရာ၊ ၎င်း၏မိတ်ဆွေ ဦးစိန်လင်း(၅၉ နှစ်၊ တစ်ရပ်ကွက်တည်းနေသူ)မှာ ဝဲဘက်ခြေသလုံး ရှပ်ထိဒဏ်ရာ အသီးသီး ရရှိခဲ့၍ ခရိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

ဦးစောတင်မြင့်က “မနက် ခုနစ်နာရီခွဲလောက်မှာ အိမ်ရှေ့တံခါး ဖွင့်ပြီး ဝရန်တာထွက်ပြီး ဆေးလိပ် သောက်တယ်။ ရှေ့ဝရန်တိုင်ဘေးမှာ အမဲရောင်ပလပ်စတစ်အိတ်နဲ့ ထုပ် ထားတဲ့ လက်သီးဆုပ်အရွယ်ခန့် အထုပ်တစ်ထုပ်နဲ့ ဝရန်တာက ကြိမ်ကုလားထိုင်ပေါ်မှာ အလားတူ အထုပ် တစ် ထုပ်ကို တွေ့ရှိတဲ့အတွက် အရင်ဆုံး ဝရန်တာတိုင်ခြေမှာရှိတဲ့ အထုပ်ကို လွှင့်ပစ်လိုက်တဲ့အခါမှာ ပေါက်ကွဲမှုဖြစ် ပွားပြီးနောက် ဆယ်မိနစ်ခန့်အကြာမှာ ကြိမ်ကုလားထိုင်မှာရှိတဲ့ အထုပ်ထဲကနေ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်”ဟု ပြောသည်။

နေအိမ်ပိုင်ရှင် ဦးစောတင်မြင့်သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွင်လည်း ၅ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် BGF တပ်ဖွဲ့ဝင်အဖြစ်မှ အနားယူထားသူတစ်ဦးဖြစ်သည်ဟု သိရသည်။

ပေါက်ကွဲခဲ့သော ယမ်းအားပြင်း မိုင်းဗုံးမှာ ဂေါ်လီမိုင်း ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ မိုင်းမှာ တုန်ခါမှုဖြင့် ပေါက်ကွဲနိုင်သော မိုင်းအမျိုးအစား ဖြစ်နိုင်ကြောင်း ဦးစောတင်မြင့်က သုံးသပ်ပြောဆိုသည်။

အခင်းဖြစ်ပွားရာသို့ မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဗိုလ်မှူးဖြိုးသူရဝင်းနှင့် တပ်မတော်သားများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရည်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပြီး တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဟု တာဝန်ရှိသူများက ပြောသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...