KNU ခရိုင်၊ တပ်မဟာအဆင့် တပ်သားတပ်မှူးခေါင်းဆောင် ၁၄၀ နီးပါးကို ဂုဏ်ပြု
Karen Information Center
January 30, 2020
၇၁နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအတွက် ကိုယ်၊ လက်နှင့် ခန္ဓာကိုယ်အင်္ဂါများ ပေး ဆပ်ခဲ့ကြသည့် KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)အဆင့် တပ်သားတပ်မှူးများနှင့်အုပ်ချုပ် ရေးပိုင်းခေါင်းဆောင် ၁၃၈ ဦးကို ဇန်နဝါရီလ ၃၀ရက်နေ့၊ မနက်ပိုင်းတွင် မူတြော်ခရိုင်က ဂုဏ်ပြုပွဲ အခမ်းအနားတစ်ခု ကျင်းပခဲ့ ကြသည်။
လူပရိဿတ် ၂၀၀နီးပါး တက်ရောက်ခဲ့ကြသည့် အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားကို KNU မူတြော်ခရိုင်၊ ဒေးဘိုးနိုကျေးရွာရှိ အမှတ်(၁) အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြပြီး ဂုဏ်ပြုပွဲ မတက်ရောက်နိုင်သည့် တပ်မှူးတပ်သားများကို အခမ်းအ နားအပြီးနောက်ပိုင်း ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။
ဂုဏ်ပြုခံများထဲမှ မျက်လုံးတစ်စုံ ပေးဆပ်ခဲ့ရသူ တပ်ကြပ်ကြီးစောဝီးက “တော်လှန်ရေးအတွက် အသက်ပေးဆပ်သွားသူ တွေဟာ အသက်ကြီးလို့ဖြစ်စေ၊ မကျန်းမာလို့ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခဲ့ရာကဖြစ်စေ သေချာမှတ်တမ်းတင်ပြီး အသိအမှတ်ပြု သွားဖို့တော့ လိုပါတယ်။ အရင်ကဆို ခေါင်းဆောင်တွေလောက်ပဲ အမှတ်တရတွေ လုပ်လာခဲ့ပေးပေမယ့် လာမယ့် ကာလ တွေမှာ ကျဆုံးသွားခဲ့တဲ့ တပ်သားတွေအားလုံးအတွက်ပါ အထိမ်းအမှတ်ကျောက်တိုင်တွေ လုပ်ဆောင်ပေးတာမျိုး ဖြစ်စေချင်ပါတယ်။”ဟု ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။
ယင်းဂုဏ်ပြုခံပုဂ္ဂိုလ်များအား KNU ကေအဲန်ယူ မူတြော်ခရိုင်အပြင် ကရင်အရပ်ဖက်အဖွဲ့များဖြစ်ကြသည့် ဒေါကလူကွန်ရက်အဖွဲ့ နှင့် ထိုင်းနိုင်ငံကရင်အဖွဲ့(Karen Thai Group-KTG)တို့ကလည်း ဂုဏ်ပြုငွေများ အသီးသီး ပေးအပ်ခဲ့ကြသကဲ့သို့ (U-8) တေး ဂီတအဖွဲ့ကလည်း ဂုဏ်ပြုသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ၎င်းခန်းမ၌ပင် ၇၁နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်၏ အခြားအစီအစဉ်အဖြစ် ကရင်လူ ငယ်တွေ့ဆုံပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြရာ ဒေသခံ ကျောင်းသားလူငယ်များ၊ ဒေါကလူကွန်ရက် အဖွဲ့ဝင်လူငယ်များ၊ ပြည် တွင်း ကရင်လူငယ်များ၊ ထိုင်းနိုင်ငံသား ကရင်လူငယ်များနှင့် သြစတြေးလျားရောက် ကရင်လူငယ်အချို့ ပါဝင်ကြပြီး အမြင်ဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။







