လားနွန် — ကလေးမြို့စက်မှုစွမ်းအင်ဌာန (Mechanical Power) ပဉ္စမနှစ်ကျောင်းသား တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သေဆုံးခြင်းသည် အထွေထွေပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၏ တာဝန်မဲ့ခြင်းကြောင့်ဟု ဇိုမီးကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကို Kim tuang ကပြောသည်။
သေဆုံးသူ တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သည် (၂၆) ရက်နေ့ညတွင် ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး ကလေးမြို့ရဲအရာရှိများမှ ည ၁၁ နာရီ ၃၀ မိနစ်တွင် ကလေးခရိုင်အထွေထွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုသိရသည်။
“တစ်ညလုံးသွေးထွက်နေတာ ရာသီဥတုကလည်းချမ်းတယ်၊ တစ်ညလုံး တုန်နေတာ သွေးတွေကလည်း မနက်ကျတော့ ခန်းနေတယ်၊ အဲဒီဦးနှောက်ထဲသွေးဝင်နေတယ်ဆိုတာ သူကွယ်လွန်သွားတဲ့အခါကျတော့ ခွဲစိတ်တော့ ဦးနှောက်ထဲသွေးဝင်တယ်ဆိုတဲ့ အချက်လေးပဲ ပြောသွားပြီး သူတို့ရဲ့ အားနည်းချက်တွေ၊ တာဝန်မဲ့မှုတွေကို ဖုံးကွယ်ဖို့ကြိုးစားတာ ဆရာမတွေက အထက်ကဆရာဝန်ကြီးတွေ ညွှန်ကြားချက်မရှိပဲနဲ့ လူနာကို treatment (ကုသမှု၊ အပြုအစု) လုပ်လို့မရဘူး ဆရာဝန်တွေကျပြန်တော့လည်း လူနာရှင်ဆီကနေ complain (တိုင်ကြား၊ ညည်းညူ) မှုတွေ၊ သတင်းပို့မှုမရှိရင်လည်း လှည့်မကြည့်ကြဘူး၊ အဲဒီကြားထဲမှာ အသက်တစ်ချောင်း ဆုံးသွားတဲ့ပုံစံဖြစ်နေတယ်၊ ဒါကြောင့် လူနာစောင့်ကမရှိဘူး အဲဒီအတွက် complain တက်မယ့်သူလည်းမရှိဘူး ဒီတိုင်းပဲပစ်ထားတယ်” ဟု ကို Kim tuang ကပြောသည်။
သေဆုံးမှုများနှင့်ပတ်သက်ပြီး (၂၆) ရက်နေ့ည ဆေးရုံအတွင်း တာဝန်ကျဆရာမ (၃) ဦးနှင့် ခွဲစိတ်နှင့် တာဝန်ကျဆရာဝန်/ဆရာများကိုလည်း ကလေးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးမှ စုံစမ်းနေသလို ဇိုမီးကျောင်းသားလူငယ်များအဖွဲ့မှလည်း စုံစမ်းသိရှိပြီး မှတ်တမ်းယူခဲ့ကြောင်းလည်း သူကဆက်ပြောသည်။
စက်မှုစွမ်းအင်ဌာန (Mechanical Power) ပဉ္စမနှစ်ကျောင်းသား တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သေဆုံးခြင်းနှင့်ပတ်သက်ပြီး သူ၏ အဘလေး ဦးဟန်ခန့်နန်က “ဘာသာရေးအနေနဲ့တော့ ကျနော်တို့ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲဖြစ်မယ်လို့ခံယူတယ် ဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီး၊ ပြီးတော့ကာယရေးရာနဲ့ပတ်သက်ပြီး သူတို့ ၁၁ နာရီခွဲလောက်ရောက်တဲ့အချိန်မှာ စကားပြောနိုင်သေးတယ်၊ အဲဒါကို သူတို့ဘာမှမလုပ်ပေးဘူး ပိုင်ရှင်မရှိဘူးဆိုတာနဲ့ ဘာမှမလုပ်ပေးဘူး၊ တကယ်လို့ အဲဒီလူနာကို အဲဒီချိန်ကတည်းက ဒဏ်ရာပြင်းထန်ရင် အထူးခန်းတွေမှာ၊ ICU တို့မှာ ကုသမှုကိုခံယူနိုင်လို့ရှိရင်တော့ တစ်မျိုးဖြစ်မယ်လို့တော့ ခံယူတယ်” ဟု ပြောသည်။
ဆေးဆရာဝန်များမှ တာရ် ဒါလ်းမွန်းမာန်သည် အရက်မူးပြီး ဗမာစကားဖြင့်သာပြောနေကြောင်း၊ မနက်ပိုင်းမှသာမိဘနာမည်များ စုံစမ်းအတည်ပြုနိုင်သည်ဟုပြောဆိုခြင်းသည် ဆရာဝန်တွေဘက်မှ မိမိတို့၏အမှားများအား ပြန်လည်ဖုံးကွယ်ခြင်းဖြစ်သည်ဟု ဇိုမီးကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကို Kim Tuang ကဆက်ပြောသည်။
သေဆုံးသူ တာန်ဒါလ်းမွန်မာန်သည် ဆေးရုံသို့ရောက်ရှိချိန်တွင် အရေးပေါ်တာဝန်ကျဆရာဝန်များ ပြောကြားချက်အရ သွေးပေါင်ချိန်မှာ ၁၂၀/၇၀ ပုံမှန်ရှိပြီး သွေးသွင်းရန်လည်း မလိုအပ်သေးကြောင်းနှင့် သတိရသေးကြောင်းဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းက ပြောကြားသည်။
အဆိုပါကိစ္စများကြောင့် သေဆုံးသူ တာန်ဒါလ်းမွန်းမာန်သည် ကလေးမြို့နယ် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးက ခွဲစိတ်ရန်လိုအပ်သည့် သွေးစစ်ဆေးမှုများပြုလုပ်ပြီး ဆေးကုသမှုများပြုလုပ်ချိန် (၂၇) ရက်နေ့ မွန်းလွဲပိုင်းတွင်သေဆုံးသည်ဟု ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကပြောသည်။
“သက်ဆိုင်ရာခွဲစိတ်အထူးကုဆရာဝန်ကြီးကလည်း လူနာရဲ့အတွင်းဒဏ်ရာဟာ တော်တော်လေးကို ပြင်းထန်တဲ့အဆင့်သတ်မှတ်ရမယ်၊ ဦးခေါင်းထဲမှာ သွေးယိုနေတယ် internal bleeding လို့ခေါ်ပါတယ်၊ စီတီဓာတ်မှန်ရိုက်ဖို့ ကျနော်တို့က စီစဉ်ထားပါတယ်၊ နေ့ခင်း (၂) နာရီမှာ ကျနော်တို့ ရိုက်ဖို့အတွက် အချိန်ရရှိပါတယ်၊ ဒီရရှိထားတဲ့အတွင်းဒဏ်ရာကြောင့် တဖြည်းဖြည်းဆိုးလာတယ်၊ အဲဒီနေ့မှာပဲ ကျနော်တို့ လိုအပ်တဲ့ဆေးဝါးများကို ကုသပေးရင်းနဲ့ အဲဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ ၅၅ မိနစ်မှာမှာပဲသေဆုံးခဲ့ပါတယ်၊ ကျနော်တို့ ရင်ခွဲစစ်ဆေးမှုကို အဲဒီ (၂၇) ရက်နေ့မှာပဲပြုလုပ်ခဲ့ပြီးတော့ မှုခင်းဆရာဝန်က ပြုလုပ်ခဲ့ပါတယ်၊ သေဆုံးရတဲ့အကြောင်းရင်းကတော့ ဦးနှောက်အတွင်းထဲမှာ ဒဏ်ရာကြေမွနေတာတွေ့ရတယ်။ ဦးခေါင်းအရိုးကျိုးနေတာကိုတွေ့ရတယ်၊ သေဆုံးတဲ့အကြောင်းရင်းကတော့ ဦးခေါင်းဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့်မို့လို့ ဒဏ်ရာနဲ့ပဲ သေဆုံးသွားပါတယ်” ဟု ကလေးမြို့ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကပြောသည်။
ချင်းပြည်နယ်တီးတိန်မြိုနယ်ခံ တာန်ဒါလ်းမွန်းမာန် (Tg Dal Mun Mang) သည် ကလေးမြို့စက်မှုစွမ်းအင်ဌာန (Mechanical Power) တွင် ပဉ္စမနှစ်ကျောင်းသားဖြစ်ပြီး ဇိုမီးကျောင်းသားများအသင်း ဥက္ကဌတာဝန်ကိုလည်း ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ထမ်းဆောင်ခဲ့သူဖြစ်သည်။







