ရိ - ဇိုခေါ်ထား နယ်စပ်တံတားအဝင်ဂိတ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု စတင်

ရိ - ဇိုခေါ်ထား နယ်စပ်တံတားအဝင်ဂိတ် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု စတင်

လားနွန် – တရုတ်နိုင်ငံတွင် လက်ရှိ ပျံ့နှံ့ ဖြစ်ပွားနေသော ကိုရိုနာ အဆုတ်ရောင် Novel Corona Virus (nCov) ဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့်အနေဖြင့် အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ် ကုန်သွယ်ရေး ရိ - ဇိုခေါထား နယ်စပ်ဂိတ် အဝင်အထွက်တွင် ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဇန်နဝါရီ  ၂၇ ရက်နေ့ကစတင် လုပ်ဆောင်နေကြောင်း သိရသည်။

ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ လ.၀.က ဦးစီးမှူး ဦးမောင်မောင်က “မနေ့(ဇန်နဝါရီ  ၂၇) ကစပြီးတော့ လုပ်နေကြတယ်။ အခုလည်း လုပ်နေကြတယ်။ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီးတော့ လုပ်တယ်။ ဂိတ်မှာ ကျန်းမာရေးဌာနက သူတို့က စစ်ဆေးပြီးတော့ စာရင်းကောက်တာ၊ မနေ့ကတော့ စလုပ်တယ်။ ကျန်းမာရေးဌာနက သုံးယောက်နဲ့ ဒီနေ့တော့ ဌာနဆိုင်ရာ တချို့လည်း ပါဝင်ပြီးတော့ လုပ်ကြတယ်။ အဝင်အထွက် လောလောဆယ်တော့ စစ်ဆေးတာတွေတော့ ရှိတာပေါ့နော်၊ စစ်ဆေးမှု တင်းကြပ်တယ်ဆိုတာတော့ မရှိဘူး၊ ပုံမှန်သွားလာနေကြပါတယ်” ဟု ခိုနူမ်းသုန်ကို ပြောသည်။

အဆိုပါဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင် လူဦးရေသုံးထောင်ကျော် ရောဂါ ကူးစက်ခံနေရပြီး သေဆုံးသူ ၈၀ ကျော် ရှိပြီဖြစ်သည်။

ယင်းကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် နယ်စပ်မြို့များတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြသည်။

ရိခေါ်ဒါရ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်တင်တင်လှက “နယ်စပ်ဂိတ်တံတားနားမှာပဲ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ကျမတို့ လောလောဆယ်တော့ ဒီနယ်စပ်ဂိတ်မှာလာတဲ့ ခရီးသည်တွေကို ဟောပြောပွဲတွေ လုပ်တယ်။ ပြီးလို့ရှိရင် ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးတွေမှ ဖြစ်နိုင်တယ်၊ လက္ခဏာတွေ၊ ရောဂါရဲ့ ဖြစ်ပုံလေးတွေ ပြောပေးတယ်။ လာတဲ့ခရီးသည်တိုင်းကို ပြောတယ်။ ကျမတို့ စစ်ဆေးတဲ့ စက်ကိရိယာတွေနဲ့လည်း စစ်ဆေးမှုတွေ လုပ်တယ်။ တောက်လျှောက် စစ်ဆေးသွားမှာပါ” ဟု ပြောသည်။

ကိုရိုနာ အဆုတ်ရောင် Novel Corona Virus (nCov) ဗိုင်းရပ်စ်သည် ၂၀၁၉ ဒီဇင်ဘာလ ၃၀ ရက်နေ့က တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပထမဆုံး အကြောင်းအရင်းမသိ ပြင်းထန်နမိုးနီးယားလူနာသတင်းအဖြစ် WHO ကို အကြောင်းကြားထားပြီး ၂၀၂၀ ဇန်နဝါရီလ (၇) ရက်နေ့မှာ (2019-nCoV) ဟု တရုတ်အာဏာပိုင်များက ထုတ်ပြန်ထားသည်။

စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူ (၆၀) ကျော် သောင်တင်လျက်ရှိပြီး ယင်းအထဲတွင် ချင်းကျောင်းသားငါးဦးနှင့် ၎င်းတို့၏ မိသားစုဝင် နှစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...