ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ခမောင်းတောကျေးရွာမှ အသက် (၄၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အနောက်ပိုင်းတိုင်းစစ်ဌာနလက်အောက်ခံ တပ်မတော်တပ်သားများက ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့က ဖမ်းဆီးချူပ်နှောင်ကာ ခန္ဓာကိုယ်ကို ရေနွေးပူနှင့်လောင်းပြီး ခြေထောက်ကိုလည်း ဓားဖြင့်လှီးခံရသောကြောင့် ဆေးဝါးကုသမှုခံယူနေရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
အမ်းမြို့နယ်ရှိ ခမောင်းတောကျေးရွာသား အသက် (၅၁) နှစ်အရွယ် ဦးတင်ထွန်းသည် ရက္ခိုင့်တပ်တော် AA အဖွဲ့နှင့် ပတ်သက်နေသည်ဟုကာ တပ်မတော်သားများက ၎င်း၏နေအိမ်သို့ ဇန်နဝါရီလ (၄) ရက်နေ့က ဝင်ရောက်ရှာဖွေပြီး ဦးတင်ထွန်းကို မတွေ့သောကြောင့် နေအိမ်တွင်ကျန်ရှိနေသော ၎င်း၏ဇနီး ဒေါ်မလှနှင့် သားဖြစ်သူ အသက် (၂၁) နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းစဉ်တွင် ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်ဟု CHRO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ (၃၇၁) လား၊ ခလရ (၃၇၂) လား၊ အဲဒီထဲက တခုခုဘဲ သူ့တို့နေအိမ်ကို မနက်ပိုင်းမှာဝိုင်းပြီး ဝင်ရောက်ရှာဖွေတယ် အဲဒီအချိန်မှာ သူ့ယောင်္ကျားက ခရီးသွားနေတဲ့အချိန်ဆိုတော့ မဖမ်းလိုက်ဘူး၊ မနက် (၁၀) နာရီလောက်မှာ သူ့မိန်းမနဲ့သားကို ဖမ်းဆီးပြီး ရွာရဲ့စာသင်းကျောင်းခန်းထဲမှာ နှစ်ဦးစလုံး ကြိုးတုပ်ချုပ်နှောင်ပြီးထားတယ်၊ ညနေပိုင်း (၃) နာရီလောက်ကနေ စတင်စစ်ဆေးမေးမြန်းတယ်၊ မင်းယောင်္ကျားဘယ်မှာလဲ၊ သေနတ်ဘယ်မှာဖွတ်ထားသလဲ စသဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းရင်း ဒေါ်မလှရဲ့ ညာဖက်ခြေထောက် ခြေတလုံးကျွတ်သားတွေကို ဓါးနဲ့လှီးတယ်၊ ဒူးခေါင်းနှစ်ဖက်စလုံးကို တူနဲ့ထုတယ်၊ ဒူးခေါင်း ပေါင်ထိပ်မှာ ဆူပွတ်နေတဲ့ရေနွေးနဲ့ လောင်းတယ် နောက် အမျိုးမျိုး ဆက်လက်ရိုက်နှက်ညှင်းပန်းနှိပ်စက်နေပြီး တညလုံး အဲဒီစာသင် ကျောင်းခန်းထဲမှာ ထားထားတယ်လို့’’ ကာယကံရှင်၏ ပြောဆိုချက်ကို ကိုးကား၍ CHRO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းလူ့အခွင့်အရေးအဖွဲ့၏ Field Director Salai Tera က “အင်မတန်မှ ရက်စက်ကြမ်တမ်းတဲ့ လုပ်ရပ်ပဲ လူမဆန်ဘူးပေါ့ သူတို့စစ်ရင်လည်း သာမာန် သူတို့စစ်ဆေးတဲ့နည်းရှိတာ အဲလို သူတို့လုပ်ရပ်ကတော့ အင်မတန်မှ ရက်စက်လွန်းတယ်၊ အမျိုးသမီးလည်းဖြစ်သေးတယ် အဲဒါမသင်္ကာမှုနဲ့ အဲလို သူလည်းမဟုတ်သေးဘူး သူ့အမျိုးသားတွက် အဲလောက်ထိ သူတို့လုပ်တာတော့ တအားလွန်တယ် အဲလိုမဖြစ်သင့်ဘူး နောက်နောင်တွေမှာလည်း အဲလိုမျိုးမဖြစ်ဖို့တော့ ကျနော်တို့တောင်းဆိုပါတယ်’’ ဟုပြောသည်။
ဦးတင်ထွန်း၏ သားဖြစ်သူ မောင်ကျော်ကိုမူ သူ့ကိုတော့ နောက်နေ့တွင် အမ်းမြို့ တပ်စခန်းသို့ဆက်လက်ခေါ်ဆောင်သွားပြီး စခန်းတွင်ဆက်လက်ထိန်းသိမ်းကာ နောက်တပတ် လောက်အကြာတွင် အမှုဖွင့်ရန် အမ်းမြို့ရဲစခန်းသို့ လွဲပြောင်းပေးလိုက်သည်ဟု သိရသည်။
ဒေါ်မလှသည် အမ်းမြို့ပြည်သူ့ဆေးရုံမှ ဆင်းသွားပြီဖြစ်သော်လည်း အနာမသက်သာသေးသည့်အတွက် အမ်းမြို့ပေါ် နေထိုင်နေဆဲဖြစ်သည်ဟု သူမနှင့် ဆွေမျိူးတော်စပ်သူတစ်ဦးကပြောသည်။
“ဆေးရုံကနေ ဆင်းတော့ဆင်းပြီးပြီ အနာမကျက်သေးဘူးဆိုတော့ ခဏလေးမြို့အပေါ်မှာရှောင်နေတုန်းပဲ ဆေးကုသမှုကိုခံယူနေတုန်းပဲ” ဟု ၎င်းကပြောသည်။
ဦးတင်ထွန်းတို့သည် ခမောင်းတောကျေးရွာတွင် ကုန်စုံဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြပြီး တပ်မတော်သားများက ၎င်းတို့နေအိမ်သို့ ဝင်ရောက်စစ်ဆေးချိန်တွင် ရောင်းချသည့် ဆိုင်ပစ္စည်းများအပါအဝင် အိမ်ထဲတွင်ရှိသမျှသော ပစ္စည်းတွေအားလုံးကိုလည်း စစ်တပ်တွေက ဖျက်ဆီးပစ်ခဲ့ကြကြောင်းနှင့် သူတို့ဖျက်ဆီးတဲ့ ဆိုင်ပစ္စည်းတန်ဘိုးက ခန့်မှန်းချေအားဖြင့် ကာလတန်ဘိုး သိန်း (၃၀) ကျော်တန်ဘိုး ရှိမည်ဟု CHRO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။







