အမ်းမြို့နယ်တွင် ရေလမ်းခရီးသွားလာမှု ပိတ်ပင်ထားသောကြောင့် ကျေးရွာ(၄၀)ကျော်အခက်ကြုံ

အမ်းမြို့နယ်တွင် ရေလမ်းခရီးသွားလာမှု ပိတ်ပင်ထားသောကြောင့် ကျေးရွာ(၄၀)ကျော်အခက်ကြုံ
စစ်တွေမြို့တွင် ပြုလုပ်သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် တွေ့ရသော တပ်မတော်သားများ။ (ဓာတ်ပုံ - တိုးမြတ်)
စစ်တွေမြို့တွင် ပြုလုပ်သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် တွေ့ရသော တပ်မတော်သားများ။ (ဓာတ်ပုံ - တိုးမြတ်)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ရေလမ်းခရီးကို ပိတ်ပင်ထားသဖြင့် ရွာပေါင်း (၄၀)ခန့် အခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု ဒေသခံများထံက သိရသည်။

အမ်းမြို့နယ်၊ ဒလက်ချောင်းကျေးရွာအုပ်စုနှင့် မြေပုံမြို့နယ်၊ ယိုးချောင်းကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသောကြောင့် ဒီဇင်ဘာလ (၂၇)ရက်နေ့က စတင်ကာ ရေလမ်းခရီးသွားလာမှုကို တပ်မတော်က ပိတ်ပင်လိုက်ခြင်းဟု ရွာသာယာကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ယိုးချောင်းတံတားပိတ်ထားလို့တော်တော်လည်း ဒုက္ခရောက်နေကြပါပြီ။ ထွက်လည်းမထွက်ရဘူး။ ဝင်လည်းမဝင်ရဘူး။ ယိုးချောင်းတံတားမှာ စစ်သားတွေ ရှိပါတယ်။ စစ်သားတွေက ပြောတယ်။ မြေပုံမြို့နယ်၊ ယိုးချောင်းနယ်မြေဟာ AA အမာခံရွာတွေ အဲလိုမျိုးပြောတယ်။ စားရေးသောက်ရေးတွေ အခက်အခဲရှိတယ်။ နေမကောင်းလို့ တံတားကိုကျော်ပြီး မြေပုံမြို့ကို သွားမှာကို သွားခွင့်မပေးဘူး” ဟု ၎င်းကဆိုသည်။

ရေကြောင်းလမ်းတစ်လျှောက်တွင် ကုန်ပစ္စည်းများနှင့်သွားလာသူများကို မသင်္ကာလျှင် စစ်ဆေးမှုများ၊ တားဆီးမှုများရှိသည်ဟု အမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။

အဆိုပါကျေးရွာ (၄၀)ခန့်မှာ ရေလမ်းခရီးကိုအသုံးပြုကာ စားနပ်ရိက္ခာများ၊ ကုန်ပစ္စည်းများကို မြေပုံမြို့၊ ကမ်းထောင်းကြီးမြို့တို့မှ ဝယ်ယူနေရသည်။ သို့သော် ရေလမ်းခရီးပိတ်ပင်ထားသောကြောင့် အခက်အခဲကြုံတွေ့နေကြခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်ချက်ကိုရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

အမ်းမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၂၀၀၀)ခန့်ရှိနေကာ စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေသည်ဟု ကူညီပေးနေသူများထံက သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...