ပလက်ဝတွင် စက်လှေတစ်စီးလက်နက်ကြီးထိမှန်ပြီးနောက် လိုင်းဆွဲစက်လှေပြေးဆွဲမှုရပ်နားထား

ပလက်ဝတွင် စက်လှေတစ်စီးလက်နက်ကြီးထိမှန်ပြီးနောက် လိုင်းဆွဲစက်လှေပြေးဆွဲမှုရပ်နားထား

ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ခရီးသည်တင်စက်လှေ များပစ်ခတ်ထိခိုက်မှုများရှိလာသည့်အတွက် ကုလားတန် မြစ်ကြောင်း တွင် ပြေးဆွဲနေသည့် ခရီးသည်စက်လှေများသည် ပြေးဆွဲမှုရပ်နားထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့က ပလက်ဝမြို့မှ တောင်ပြိုကျေးရွာအကြား ပြေးဆွဲသည့် ခရီးသည်တင် စက်လှေတစ်စီးသည် ကုလားတန်မြစ်ကြောင်းအတိုင်းပြေးဆွဲပြီး ကမ်းကပ်နေစဉ်တွင် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် စက်လှေပေါ်ပါလာသည့် ခရီးသည် (၂) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ လိုင်းဆွဲစက်လှေများပြေးဆွဲမှု ရပ်နားထားခြင်းဖြစ်သည်ဟု ပလက်ဝမြို့မှ စက်လှေ အမောင်းသမား ဦးရောဘာကပြောသည်။

“ဟိုနေ့ဖြစ်တဲ့ဟာကြောင့် လိုင်းဆွဲတွေကမသွားဘူး မသွားဘူးဆိုတာက လိုင်းဆွဲတွေပါ ကိုယ်ပိုင်စက်လှေ အသေးစားတွေတော့သွားလို့ရတယ် အခုလောလောဆယ်တော့ လိုင်းဆွဲတွေတော့ နားထားတယ်၊ အခုလို ဖြစ်နေရင် မသွားရဲဘူး စက်လှေတော့ထွက်မယ် လူကလိုက်လို့သိပ်အဆင်မပြေဘူးပုံစံဖြစ်နေတယ် စက်လှေ ကိုယ်ပိုင်အသေးစားတွေနဲ့ နှစ်ယောက်သုံးယောက်အရေးပေါ်ပုံစံမျိုးနဲ့ သွားရမယ့်အခြေအနေဖြစ်နေပြီ” ဟု ဦးရောဘာကပြောသည်။

ပလက်ဝမြို့နယ်တွင် စားသုံးကုန်၊ လူသုံးကုန်အများစုကို ရခိုင်ပြည်နယ်ကျောက်တော်မှတဆင့် စက်လှေဖြင့် အဓိကသယ်ယူလေ့ရှိကြပြီး ယခုကဲ့သို့ စက်လှေလိုင်းဆွဲများရပ်နားမှုကြာမြင့်လာပါက ကုန်ပစ္စည်းများပြတ်လပ် မည်ဆိုလည်း ဒေသခံများကစိုးရိမ်မကင်းဖြစ်နေကြသည်ဟုသိရသည်။

စက်လှေသမားဦးရောဘာက “မြို့ပေါ်မှာရှိတဲ့သူတွေအတွက်တော့အခက်အခဲရှိမယ် နယ်မှာတော့ တစ်လ စာနှစ်လစာရတဲ့ စိုက်ပျိုးတောင်ယာစိုက်ထားတာတွေတော့ရှိတယ် နယ်မှာတော့အဆင်ပြေတယ် ဒါပေမဲ့ မြို့ပေါ်ကပိုပြီးစိုးရိမ်ရတယ် ဟိုတစ်ခေါက်ကလည်း ကုလားတန်တံတားဆောက်ဖို့ ကုန်ပစ္စည်းသယ်တဲ့ သင်္ဘောပစ်ခံရတယ်၊ အရင်တုန်းက ဆန်ဆိုလည်း အိတ် ၂၀ဝ သယ်လို့ရတယ်၊ အခုက အိတ် ၂၀ လောက်ပဲသယ်ရတယ်” ဟု ပြောသည်။

ယခုလက်ရှိပလက်ဝမြို့နေ ပြည်သူများသည် အလုပ်ကိစ္စကြောင့်ဖြစ်စေ မိမိအလိုအပ်မှုတွေကြောင့် ခရီးသွားသည့်အချိန်တွင် စိုးရိမ်မကင်းအမြဲဖြစ်နေရသည်ဟု ပလက်ဝအရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦးကပြောသည်။

“စိုးရိမ်မကင်းတော့အမြဲတမ်းတော့ ရှိနေတဲ့အနေအထား သွားသွားလာလာ မလုပ်လို့မရတဲ့အနေအထားတွေ အလုပ်တွေကလည်း ကိုယ့်အလုပ်နဲ့ကို ကိုယ်စီကိုယ်စီ မလုပ်ဘူးတော့မဟုတ်ဘူးပေါ့ အမြဲတမ်းတော့ လှုပ်လှုပ်ရှားရှားတော့ သွားနေတယ် လုပ်နေတယ် ကိုင်နေတယ် အမြဲတမ်းတော့ သတိထားပြီးတော့ သွားလာလှုပ်ရှားနေတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် ပလက်ဝဘက်သို့ ယခုရက်ပိုင်းအတွင်း မသွားရဲကြကြောင်း မီးဇာကျေးရွာအုပ်ချူပ်ရေးမှူး ဦးဟွေ့လောကပြောသည်။

“ဟိုဘက်မှာဒီလိုတိုက်ပွဲတွေရှိတော့ စက်လှေစီးတာဆိုရင် သတိထားရတယ်၊ အဲဒီပလက်ဝဘက်မှာ အဆင်းလည်းမရှိဘူး အဆင်မပြေဘူးပေါ့ အခုလောလောဆယ်တော့ မီးဇာဖက်မှာတော့ သတိတော့ထားတာပေါ့” ဟု ဦးဟွေ့လောကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ၂၈၉ တပ်ရင်းဧရိယာအတွင်းတည်ရှိသည့် ရိက္ခာတိုးချဲ့မြို့သစ်ရပ်ကွက်ရှိ အ.ထ.က ကျောင်းခွဲအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယနေ့ချိန်ထိ ကျောင်းလည်းပိတ်ထားရသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...