နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် မြန်မာနိုင်ငံအစိုးရကိုယ်စား သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့်အနေဖြင့် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဒီဇင်ဘာလ (၁၀) နေရက်နေ့၌ ထောက်ခံပွဲပြုလုပ်ကြမည်ဟု သိရသည်။
အဆိုပါလူထုထောက်ခံပွဲကို ဖလမ်းမြို့ မြို့မိမြို့ဖအဖွဲ့မှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး (ICJ) တွင် သွားရောက်ဖြေရှင်းမည့် ဒေါ်အောင်ဆန်းစုကြည်ဘက်တွင် ထောက်ခံရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု မြို့မိမြို့ဖဥက္ကဌ ဦး Hrang Lawm Thang ကပြောသည်။
“ကျနော်တို့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ICJ မှာသွားရောက်ဖြေရှင်းမယ့်ဟာကို ကျနော်တို့ ရပ်တည်ပေးတယ်ဆိုတာကိုပြချင်တာ တခြားဘယ်ဟာမှန်တယ် ဘယ်ဟာမှားလဲဆိုတာ အဲဒါတွေမစဉ်းစားဘူး တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး၊ အခုကသူက ဖြေရှင်းချက်သွားပေးတယ်ဆိုတာကို ကျနော်တို့ကရပ်တည်ပေးတဲ့သဘောပါပဲ ဘယ်သူမှားတယ် ဘယ်သူကအရေးယူသင့်တယ်မယူသင့်ဘူးဆိုတဲ့ဟာတွေကိုတော့ ကျနော်တို့မှာမစဉ်းစားပါဘူး ကျနော်တို့ နိုင်ငံခေါင်းဆောင်အနေနဲ့ သူကတာဝန်ယူပြီးတော့ တာဝန်ခံပြီးတော့ သွားဖြေရှင်းရမယ်ဆိုတော့ ကျနော်တို့က သူနောက်မှာရပ်တည်ပေးတယ်” ဟု ဦး Hrang Lawm Thang ကပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ဒီဇင်ဘာလ (၁၀) နေ့ နံနက်ပိုင်း ၈ နာရီကစ၍ ဖလမ်းမြို့ Cimmual ဘောလုံးကွင်းမှ Hrang Thio ဘောလုံးကွင်းအထိ ချီတက်ကြမည်ဖြစ်ပြီး လူထုအင်အား ၁၀၀၀ ခန့်ပါဝင်ကြမည်ဟု မြို့မိမြိုဖဥက္ကဌကဆက်ပြောသည်။
ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ တရားစွဲဆိုခံရ သည့်ကိစ္စနှင့်ပတ်သ က်၍ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ရှိ ICJ တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အဖွဲ့သည်လည်း သဟေ့ဂ်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။
ဖလမ်းမြို့အခြေစိုက် နေ့စဉ်ထုတ်သတင်းစာ Chinland Herald ၏ အယ်ဒီတာချူပ်ဆလိုင်းငယ်ပီးကတော့ အမှန်တရားပေါ်ပေါက်လာရန်အတွက်သာ ရပ်တည်သင့်သည်ဟု ပြောဆိုသည်။
“ICJ ဘက်ကိုလည်းကျနော်တို့ရပ်တည်ဖို့ အချိန်မဟုတ်သေးဘူး တရားရင်ဆိုင်ဖို့သွားတဲ့ နိုင်ငံ့ခေါင်းဆောင်ကို လည်းကျနော်တို့ရပ်တည်ပေးဖို့ အချိန်မဟုတ်သေးဘူး ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ အမှန်တရားပေါ်ပေါက်လာ ဖို့အတွက်ပဲ ” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးသို့ သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းအသီးသီးတွင် ထောက်ခံပွဲများကျင်းပပြုလုပ်နေကြပြီး ချင်းလူမျိူးအများစုနေထိုင်ကြသည့် ကလေးမြို့တွင်လည်း ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ပြုလုပ်ကြမည်ဟု သိရသည်။







