ချင်းပြည်နယ်မြို့ (၄) မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ တပြိုင်တည်းပြုလုပ်

ချင်းပြည်နယ်မြို့ (၄) မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ တပြိုင်တည်းပြုလုပ်

နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် တရားစွဲဆိုမှုကို သွားရောက်ရင်ဆိုင် ဖြေရှင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ချင်းပြည်နယ် မြို့ (၄) မြို့တွင် ယနေ့နံနက်ပိုင်း တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ မင်းတပ် နှင့် မတူပီမြို့တို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီက ထောက်ခံပွဲများအသီးသီး ကျင်းပပြုလုပ်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများသာ အများစုပါဝင်ခဲ့ကြသည်ဟု သိရသည်။

ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်းတွင်ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများသာ အဓိကပါဝင်ခဲ့ကြပြီး လူဦးရေ ၂၀၀ ကျော်ကျော်ခန့်သာရှိသည်ဟု သိရသည်။

ဟားခါးမြို့အခြေစိုက် The Chinland post အယ်ဒီတာ Salai Bawi Uk Thang က “အစိုးရက လူတွေကိုဖိတ်ပြီးတော့ NLD ပါတီလူကြီးတစ်ချို့တွေနဲ့ ပူးပေါင်းပြီးတော့လုပ်တယ်၊ ပြီးတော့လူထုက ဘာမှန်းမသိဘူးလေ အခုက ဒေါ်စုထောက်ခံပွဲလား မထောက်ခံတဲ့ပွဲလား ဒေါ်စုကို ICJ သွားပြီးတော့ ထောက်ခံတာလား ဘာကိုထောက်ခံမှန်း သူတို့ကသိပ်နားလည်ကြမှာမဟုတ်ဘူး၊ လူထုလှုပ်ရှားမှုတော့မဟုတ်ဘူး” ဟု ပြောသည်။

အလားတူ ဖလမ်း၊ မင်းတပ် နှင့် မတူပီမြို့တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများသာ ပါဝင်ခဲ့ကြပြီး လူထုပူးပေါင်းပါဝင်ထင်သလောက် မရှိခဲ့ကြောင်းသိရသည်။

မင်းတပ်ချင်းအရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းမာန်အွမ်းက “ မင်းတပ်မြို့တွင်းနဲ့ မြို့အနီးအနားက ကျောင်းသူကျောင်းသားတွေတော်တော်များများတက်ကြတယ် ကလေးတွေလည်းပါတယ်၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းနဲ့ အထကကျောင်းသားကျောင်းသူတွေအကုန်လုံးခေါ်တာကိုး’’ ဟု ပြောသည်။

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုခံရ သည့်ကိစ္စနှင့်ပတ်သ က်၍ နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ရှိ ICJ တရားရုံး၌ ယနေ့ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အမှုကြားနာစစ်ဆေးမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက် ဖြေရှင်းမည်ဖြစ်သည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...