ပလက်ဝတွင် စက်လှေတစ်စီး လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်နှင့် အမျိူးသမီး သေဆုံး

ပလက်ဝတွင် စက်လှေတစ်စီး လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးငယ်နှင့် အမျိူးသမီး သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှ တောင်ပြိုကျေးရွာအကြား ကုလားတန်မြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် စက်လှေတစ်စီးသည် ယနေ့မွန်းလွဲပိုင်း ၁၂ နာရီကျော်ခန့်က လက်နက်ကြီးကျည်ထိမှန်၍ စက်လှေပေါ်ပါလာသည့် ကလေးငယ်တစ်ဦးနှင့် အမျိူးသမီးတစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။

အဆိုပါစက်လှေသည် ပလက်ဝမြို့မှ ယနေ့(ဒီဇင်ဘာလ ၁၀) ရက် မနက် ၉ နာရီခန့်က ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ခွါသွားပြီး နုံဘူးကျေးရွာရှိ စစ်တပ်ဂိတ်တွင်ရပ်ပြီး အကြောင်းကြားနေစဉ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“ပလက်ဝ နဲ့ တောင်ပြိုကြားမှာ တပ်စခန်းတွေရှိတယ် အဲဒီမှာအကြောင်းကြားရတာကိုး နုံးဘူးဆိုတဲ့ရွာမှာ ကပ်ပြီး တပ်ကိုအကြောင်းကြားတဲ့အချိန်မှာ ဖြစ်ပွားတာလို့သိရတယ်အဲဒီလက်နက်ကြီးက ဘယ်ကနေ ဘယ်လိုလာတယ် တိတိကျကျတော့မသိဘူး္လ ဟု ပလက်ဝဒေသခံကပြောသည်။

ယင်းစက်လှေပေါ်တွင် ခရီးသည်မည်မျှလိုက်ပါသည်ကို မသိရသော်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၂) နှစ်ခန့်အရွယ် ကလေးငယ်နှင့် အမျိူးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူ (၅) ဦးထက်မနည်းဒဏ်ရာရရှိကြသည် ဟု သိရသည်။

ယခုလောလောဆယ်တွင် ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံနေကြကာ သေဆုံးသွားသည့် ကလေးငယ်၏ ဖခင်မှာ ဒဏ်ရာပြင်းထန်သည့်အတွက် အရေးပေါ်အခန်းသို့ ပို့ထားရပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ပလက်ဝဒေသခံကပြောသည်။

ပလက်ဝမြို့နှင့် တောင်ပြိုအကြား စက်လှေသည် တစ်ရက်လျှင် တစ်ကြိမ်သာပြေးဆွဲလေ့ရှိပြီး ပုံမှန်အားဖြင့် ခရီးသည် ၂၀ ဝန်းကျင်ခန့်လိုက်ပါလေ့ရှိကြသည်။

ပလက်ဝမြို့ ကုလားတန်မြစ်တဖက်ကမ်းတွင် တည်ရှိသော ခမရ (၂၈၉) တပ်ရင်းဌာနချူပ်နှင့် နုံးဘူးရွာငယ် အခြေစိုက် ဗျူဟာကုန်းတစ်ခုကို ဒီဇင်ဘာလ (၉) ရက်နေ့နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော်မှ(ဗဗ) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟု ဗဗ တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းကိစ္စကြောင့် ပလက်ဝမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...