လားနွန် — ချင်းပြည်နယ် ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ တွီးဗျဲလ်ဇန်ကျေးရွာ အခြေံပညာမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရင်း အသတ်ခံခဲ့ရသည့် ဆရာမ ဒိမ့်လွန်းမန်၏ ကျန်ရစ်သူမိသားစုများအတွက် ချင်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများမှ စုပေါင်း၍ ကျပ်သိန်း ၆၀ ကျော်ကို ဒီဇင်ဘာလ ၄ ရက်နေ့ ကသွားရောက်ပေးအပ်ခဲ့ကြသည်။
ချင်းပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများသည် ဆရာမဒိမ့်လွန်းမန်အတွက် မိမိတတ်နိုင်သည့် ငွေကြေးပမာဏကို စုပေါင်းထည့်ဝင်ခဲ့ကြပြီး ချင်းပြည်နယ် ပညာရေးမှူးကိုယ်စား ဖလမ်းခရိုင်ပညာရေးမှူး ဒေါ်မာလာရီက ချင်းပြည်နယ် ခိုင်ကမ်းမြို့တွင်နေထိုင်သော ဆရာမဒိမ့်လွန်းမန်၏ မိခင်ထံသို့သွားရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။
“ကျမတို့ကနေပြီးတော့ ဒီမြို့နယ်အားလုံးကို ဆရာမလေးဒီလိုမျိုးဖြစ်သွားတယ် အဲအတွက်ကျမတို့က ဒီဆရာမလေးကို ကျမတို့တတ်နိုင်သလောက် ဘယ်သူ့ကိုမှ ကန့်သတ်ချက် သတ်မှတ်ချက်မပေးပါဘူး ပြည်နယ်ပညာရေးမှူးကလည်း သတ်မှတ်ချက်လုံးဝမထားပါနဲ့လို့ ညွှန်ကြားခဲ့တဲ့အတွက်ကြောင့် ဒီမြို့နယ်အားလုံးက ပညာရေးဝန်ထမ်းတွေအားလုံး အကုန်လုံးကနေပြီးတော့မှ တတ်အားသရွေ့ပေါင်းပြီးတော့မှ ပေးတာပါရှင့်” ဟု ဖလမ်းခရိုင်ပညာရေးမှူး ဒေါ်မာလာရီကပြောသည်။
ဆရာမ ဒိမ့်လွန်းမန်၏ ကျန်ရစ်သူမိသားစုများအတွက် ချင်းပြည်နယ်မြို့နယ်အားလုံးမှ ပညာရေးဝန်ထမ်းများ၏ စုပေါင်းပေးအပ်သည့် ငွေကြေးပမာဏမှာ ကျပ်သိန်း ၆၆၂၈၀၀၀ /- ရှိသည်။
အသက် (၂၇) နှစ်အရွယ် ဆရာမ ဒိမ့်လွန်းမန်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ည (၉း၃၀) အချိန်က အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်သား ကသည်းလူမျိုး ဘိနော် ဆိုသူမှ သူမ၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဖလမ်းခရိုင်ပညာရေးမှူး ဒေါ်မာလာရီက “ဆရာမလေးက သူအသက်ငယ်ရွယ်ပြီးတော့ ပညာရေးဌာနကို ဝင်ရောက်တာမကြာသေးပေမဲ့ သူမဘဝမှာ သူ့ရဲ့အသက်ကိုတောင်ပဓာန မထားပဲနဲ့ ကာကွယ်စောင့်ရှောက်ခဲ့တယ်ဆိုတဲ့ဟာကို ဆရာမလေးကနေပြီးတော့ သက်သေပြသွားတာပေါ့” ဟု ပြောသည်။
ဆရာမသေဆုံးမှုနှင့်ပတ်သက်၍ ချင်းပြည်နယ်လူမှုရေးဝန်ကြီးဌာနနှင့် ပြည်နယ် ပညာရေးမှူးဌာနတို့မှ ထောက်ပံ့ငွေ ကျပ် ၆ သိန်းတိတိပေးအပ်ခဲ့ကြောင်း၊ မဏိပူရ်ပြည်နယ်မှ ကသည်းလူမျိူးများ ချင်းပြည်နယ်အတွင်း တရားမဝင်အခြေချနေထိုင်မှုသည် ပြည်နယ်အဆင့်အနေဖြင့် ဖြေရှင်း၍ မရကြောင်း ပြည်ထောင်စုအဆင့်ဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်ကပြောသည်။
“ ဒါ ကျတော်တို့ ZCD ပါတီအနေနဲ့လည်း ၂၀၁၃ သမ္မတဦးသိန်းစိန်လက်ထက်တုန်းကတည်းကတင်ပြြ ပီးသားဖြစ်တယ် အဲဒီကသည်းကိစ္စက ကျနော်တို့ ပြည်ထောင်စုအဆင့်နဲ့ ပတ်သက်တာဖြစ်သွားတယ် ပြည်နယ်အဆင့်နဲ့ လုပ်လို့တော့မရဘူး အဲဒါကြောင့် ဒါနိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်ထဲဖြစ်သွားတော့ ကျနော်ထင်တယ် ကျနော်တို့အဆင့်နဲ့တော့ ဘာမှလုပ်လို့မရဘူး” ဟု ဝန်ကြီးဦးပေါင်လွန်မင့်ထန်ကပြောသည်။
မူလတန်းပြဆရာမ၏ သေဆုံးမှုနှင့်ပတ်သက်၍ ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့က လူထုအင်အား ၅၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆရာမဒိမ့်လွန်းမန်အတွက်တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်ရေး၊ ဆရာမ၏ လူ့ဂုဏ်သိက္ခာချပြောကြားနေသူများကို အရေးယူပေးရေး၊ ချင်းပြည်နယ်နှင့် ကဘော်ဒေသအတွင်း တရားမဝင်နေထိုင်သည့် မဏိပူရ် ကသည်းများ အရေးယူပေးရေးစသည့်အချက်များတောင်းဆိုခဲ့ကြသည်။







