ICJ အမူနှင့် ICC စုံစမ်းဖော်ထုတ်မှု ကိစ္စရပ်အပေါ် ကရင်အဖွဲ့အစည်း ၄၀ ကျော်က ထောက်ခံ ကြိုဆို

ICJ အမူနှင့် ICC စုံစမ်းဖော်ထုတ်မှု ကိစ္စရပ်အပေါ် ကရင်အဖွဲ့အစည်း ၄၀ ကျော်က ထောက်ခံ ကြိုဆို
ကရင်အဖွဲ့ ၄၈ဖွဲ့၏ ထုတ်ပြန်ချက်
ကရင်အဖွဲ့ ၄၈ဖွဲ့၏ ထုတ်ပြန်ချက်

စအိုင်ဆူး — အပြည်ပြည်ဆိုင်ရာ တရားရုံး-ICJ တွင် မြန်မာနိုင်ငံရင်ဆိုင်သွားရမည့်အမှုနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး-ICC ၏ စုံစမ်းဖော်ထုတ်မှုအပေါ် ကမ္ဘာအနှံ့ရှိ ကရင်အဖွဲ့အစည်းပေါ်း ၄ဝကျော်မှ ကြိုဆိုထောက်ခံကြောင်း ဒီဇင်ဘာ ၂ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတကာရောက် ကရင်လူမှုအဖွဲ့အစည်းများနှင့် နယ်စပ်ဒေသအခြေစိုက် ကရင်လူမှုအဖွဲ့အစည်းပေါင်း ၄၈ ဖွဲ့ ပါဝင်ထောက်ခံထားသည့် အဆိုပါ ထုတ်ပြန်ချက်တွင် Genocide Convention ချိုးဖောက်ခဲ့မှုအပေါ် ဂမ်ဘီယာ (Gambia) နိုင်ငံ၏ ICJ တွင် တရားဆွဲဆိုမှုနှင့် ICC ၏ ဆက်လက်စုံစမ်းဖော်ထုတ်သွားမည့် လုပ်ငန်းစဉ်များ အပေါ် ကြိုဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၏ ပြောခွင့်ရသူ နော်ဝါးခူရှီးက ပြောသည်။

၎င်းက “ဒီ ရိုဟင်ဂျာတွေ ခံစားရသလိုပဲ ကျမတို့လည်း ခံစားခဲ့ရဖူးပြီးပြီ။ ဒီအတွက် တရားမျှတမှု ရသင့်တာ ကြာပြီးဖြစ်တယ်။ ဒီလို ခံစားလာခဲ့ရတဲ့သူတွေ တရားမျှတမှု ရရှိဖို့က မလွယ်ကူသလို အခုလို တရားစွဲဆိုမှု စတင် လိုက်ခြင်းကြောင့် အဓိပ္ပာယ်က ဒီအတွက်လည်း ကျမတို့ အရင်က လှုပ်ရှားဆောင်ရွက်လာခဲ့တာ ဖြစ်တဲ့ အတွက် ကြိုဆိုထောက်ခံခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ICJ တရားစွဲဆိုမှုသည် ရိုဟင်ဂျာ အတွက်သာမက မြန်မာနိုင်ငံထဲရှိ တိုင်းရင်းသား လူမျိုးတိုင်းအတွက် လိုအပ်ချက်ဖြစ်သလို ပြဌာန်းချက်များရှိသည့်အတိုင်း ကျူးလွန်သူများကိုလည်း အပြစ်ကျူးလွန်သည့် အ လျောက် အရေးယူသွားရန်ကိုပါ လိုလားကြောင်း နော်ဝါးခူရှီးက ဆက်ပြောသည်။

မြန်မာပြည်ထဲရှိ တိုင်းရင်းသားလူမျိုး အားလုံးအပေါ် ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများမှ ဒဏ်ခတ်ခံရခြင်း ကင်းလွတ်နေသည့် ၎င်းတို့၏ နေရက်များကိုလည်း ရေတွက်နေပြီးဖြစ်ကြောင်းကို မြန်မာစစ်တပ်ခေါင်း ဆောင်များအပေါ် ရှင်းလင်းသည့် အချက်ပြမှုပေးနေပြီးဖြစ်သောကြောင့် အဆိုပါ ICJ နှင့် ICCကိစ္စဖြစ်ပေါ် လာခြင်းအပေါ် ဝမ်းသာအားရကြောင်းလည်း ကရင်အဖွဲ့ ၄၈ဖွဲ့၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ(UN) ၏ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ် ခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့်အလျောက် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှု အပေါ် ICJ တရားရုံးတွင် ရင်ဆိုင်သွားရမည်ဖြစ်သည်။

မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသည့်လူမျိုးစုအပေါ် ဖိနှိပ်ဆက်ဆံမှုများကို ဆယ်စုနှစ် ပေါင်များစွာ ပြုလုပ်ခြင်း၊ လူမျိုးစုများ၏ တရားဝင်ရပိုင်ခွင့်များအပေါ်ပေးရန် ငြင်းဆန်ခြင်း၊ ၎င်းတို့အပေါ် ဆန့်ကျင်သည့် အမုန်းတရားများကို ဝါဒဖြန့်ခြင်း အစုအဖွဲ့တစ်ခုအနေဖြင့် ပစ်မှတ်ထား၍ အစုလိုက် အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်ခြင်းစသည့် စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ ဂမ်ဘီယာနိုင်ငံသည် ကုလသမဂ္ဂ(UN) ၏ လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှု၊ ကာကွယ်ခြင်းနှင့် ပြစ်ဒဏ်ချမှတ် ခြင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သလို နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်သည့် အစ္စလမ်းမစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ -OIC၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး OIC ကိုယ်စား တရားစွဲဆိုခြင်းလည်းဖြစ်သည်။

အလားတူ မြန်မာနိုင်ငံရင်ဆိုင်သွားမည့် ICJ ကိစ္စအပေါ် ပြည်တွင်း၊ ပြည်ပရောက် မြန်မာပြည်သားများအ နေဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံအားပေးကြသလို ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှု အပေါ် ထောက်ခံမှုပေးသည့် မတူညီသော အမြင်များလည်းရှိကြောင်း တွေ့ရသည်။

အဆိုပါ တရားစွဲဆိုမှုအတွက် နယ်သာလန်နိုင်ငံ၊ The Hague အခြေစိုက် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံး ဖြစ်သည့် ICJ တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ သွားရောက် ရင်ဆိုင် ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင် သည့် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ၎င်းအမှုအတွက် အမှုဖွင့် လျှောက်ထားချက်ကို ဒီဇင်ဘာလ ၁၀ ရက် မှ ၁၂ ရက်နေ့ထိ အများပြည်သူ ရှေ့ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

အလားတူ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နှင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနာ နိုင်ငံ၏ (federal district court) တွင်လည်း မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်အပါအဝင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ ယခင်သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော်နှင့် လက်ရှိ သမ္မတ ဦးဝင်းမြင့်တို့ကို ရိုဟင်ဂျာ ၇သိန်းကျော်ကို မောင်းထုတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးစု ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုစသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည်။ သမ္မတရုံးဝန်ကြီးဌာနကမူ ICJ အမှုမှလွဲ၍ ကျန်အမှုများကို ရင်ဆိုင် ဖြေရှင်းသွားမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...