ကရင်နီလူငယ် ၆ ဦးကို ထောင်ဒဏ် ထပ်တိုးရေး တရားရုံးသို့ ပြည်နယ်အစိုးရ ပြင်ဆင်ချက်တက်

ကရင်နီလူငယ် ၆ ဦးကို ထောင်ဒဏ် ထပ်တိုးရေး တရားရုံးသို့ ပြည်နယ်အစိုးရ ပြင်ဆင်ချက်တက်

စိုးသူအောင် — နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ ၁၀ ဖြင့် တရားစွဲခံခဲ့ရသည့် ကရင်နီလူငယ် ခြောက်ဦးအား မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်မှုအပေါ် မကျေနပ်သော ကြောင့် ကယားပြည်နယ် အစိုးရမှ ခရိုင်တရားရုံးသို့ ပြင်ဆင်ချက် ထပ်တက်ထားသည်ဟု ကရင်နီလူငယ် ခူးကြူးဖဲကေးက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က ထောင်အတွင်းမှ ငါးဦးကို ပြင်ဆင်ချက် တက်ခြင်းအား သိရှိကြောင်း လက်မှတ်ရေး ထိုးခိုင်းခဲ့ကာ ခူးကြူးဖဲကေးအား လွိုင်ကော်ခရိုင်တရားရုံးတွင် လက်မှတ်ထိုးရန် ဆင့်ခေါ်ထားကြောင်းလည်း သိရသည်။

ကရင်နီလူငယ် ခူးကြူးဖဲကေးက “ကျွန်တော်တို့ကို (၆) လပဲချတာ ဝန်ကြီးချုပ်က မကျေနပ်ဘူး။ အဓိကတော့ ရွေးကောက်ပွဲပြီးတဲ့အထိ ကျွန်တော်တို့ကို ထောင်အချုပ်ထဲမှာ ရှိစေချင်တယ်ပေါ့။ ဆိုတော့ (၆)လပဲချတဲ့ကိစ္စ ကို ပြင်ဆင်ချက် ထပ်တက် ပါတယ် ခရိုင်မှာ ” ဟု ပြောသည်။

ကရင်နီလူငယ် ၆ ဦးဖြစ်သည့် ကိုဒီးဒီ (ခ)စစ်မုန်း၊ မျိုးလှိုင်ဝင်း(ခ) ခူးပါစကွားလယ်၊ ခွန်သောမတ်စ်၊ ခူးရီးဒူး ၊ ဂျွန်ပေါလ်နှင့် ခူးကြူးဖဲကေး (ခ) ဂူဂူးတို့ကို ပြီးခဲ့သည့် ဇွန်လတွင် ဖမ်းဆီး စစ်ဆေးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် လွိုင်ကော်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၆ ဦးထဲမှ ခူးကြူးဖဲကေး(ခ) ဂူဂူးမှာ ထောင်လျှော့ရက်ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့သူ  ဖြစ်သည်။

အထက်ပါ ကရင်နီလူငယ် ခြောက်ဦးသည် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီး တို့အား အမျိုးသားသစ္စာဖောက်ဟုဆိုကာ ကြေညာချက် ထုတ်ခဲ့သောကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား အစိုးရအဖွဲ့ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံရေး ပုဒ်မ (၁၀)ဖြင့် တရားစွဲဆိုခံခဲ့သူများ ဖြစ်သည်။

ထိုကိစ္စရပ်နှင့်ပက်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတချို့သို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ မသိရပေ။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က အထက်ပါ ကိစ္စရပ်များသည် ဥပဒေကြောင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များသာဖြစ်ပြီး ပါတီဗဟိုမှ လမ်းညွှန်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းမျိုး လုံးဝမရှိကြောင်း ပြောသည်။

“ကျွန်တော်တို့ကို ကြားဝင်စေချင်ရင်တော့ ကြားဝင်စေချင်တဲ့ အဖွဲ့အစည်းကနေ သီးခြားစာပေးပို့ပြီး မေတ္တာ ရပ်ခံရင်တော့ စဉ်းစားမယ်။ မိမိသဘောအလျောက်တော့ ဝင်ပါဖို့က မသင့်လျော်ပါဘူး။ ကယားပြည်နယ် ဝန်ကြီး ချုပ်က ပါတီဝင်ဖြစ်တာ မှန်ပါတယ်။ ပါတီရဲ့မူဝါဒနဲ့ ပက်သက်လို့ပဲ ထိန်းကျောင်းပါတယ်။ ကိစ္စတစ်ခုချင်း အလျောက် ဆုံးဖြတ်တာကတော့ သူက အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းအရ သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ဖြစ်ပါ တယ်” ဟု ၎င်းက ဆိုသည်။

ကရင်နီလူငယ်များအနေဖြင့် ဗိုလ်ချုပ်ကြေးရုပ်ကို နေရာရွေ့ပေးစေလိုပါက သက်ဆိုင်ရာ ကြေးရုပ်စိုက်ထူသည့် အဖွဲ့ဖြင့်သာ အဓိကထား ဆွေးနွေးတောင်းဆိုကြရမည်ဖြစ်ကြောင်းလည်း ဒေါက်တာမျိုးညွှန့်ကပြောသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...