ICJ တွင် ဖြေရှင်းရန်နှင့် အခြားကိစ္စရပ်များအတွက် တပ်မတော်အရာရှိကြီး နှစ်ဦးပါဝင်သည့်အဖွဲ့ ဖွဲ့စည်း

ICJ တွင် ဖြေရှင်းရန်နှင့် အခြားကိစ္စရပ်များအတွက် တပ်မတော်အရာရှိကြီး နှစ်ဦးပါဝင်သည့်အဖွဲ့ ဖွဲ့စည်း

By စိုးသူအောင် — နိုင်ငံတကာတရားရုံး ICJ ၌ တရားရင်ဆိုင်ရာတွင် အထောက်အပံ့ပေးရန်ရည်ရွယ်၍ စစ်ဥပဒေချုပ်ရုံးမှ အရာရှိကြီးနှစ်ဦးပါဝင်သည့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (SUICJ) ကို ဖွဲ့စည်းကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှထုတ်ပြန်ကြေညာလိုက် သည်။

“ တပ်မတော်ဘက်ကတော့ နိုင်ငံတကာဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ အရာရှိကြီး တစ်ဦးနဲ့ နောက်ထပ် အရာရှိတစ်ဦး။ နှစ်ဦးပါဝင်ပါမယ် ခင်ဗျ။ နှစ်ယောက်လုံး စစ်ဥပဒေချုပ်ရုံးကပါပဲ ” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။

သို့သော်လည်း နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (SUICJ) တွင် စုစုပေါင်း အဖွဲ့ဝင် မည်မျှပါဝင်မည်ဆိုသည်ကိုမူ မပြောနိုင်သေးဟု ၎င်းကဆိုသည်။

ထိုသို့ အထူးအဖွဲ့ ဖွဲ့စည်းခြင်းကို နိုဝင်ဘာ ၂၇ ရက်နံနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှဦးဆောင်သည့်အဖွဲ့ကို  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့်စစ်ဥပဒေချုပ်ရုံးမှ ပညာရှင်များဖြင့်ဖွဲ့စည်းထားခြင်းဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျွန်တော်တို့လည်း ကြေညာချက်အတိုင်းပဲပြောလို့ရမယ်။ ၃ ချက်ပါပါတယ်။ ICJ နဲ့ပတ်သက်တာ၊ လူ့စွမ်းအားအရင်းအမြစ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အချက်အလက်တွေပံ့ပိုးဖို့” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

နိုင်ငံတော်သမ္မတရုံးသည် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းဆောင် ရွက်ရန် လူသားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်စေရန်၊  သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဥပဒေကြောင်း အရ အကြံပြနိုင်ရန်အတွက် SUICJ ကိုဖွဲ့စည်းပြီးဖြစ်သည်ဟု အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအား တရားစွဲဆိုထားသည့်အမှုကို ICJတွင် လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိကြားနာစစ်ဆေးရန်ရှိသည်ဟုလည်း ထုတ်ပြန် ထားသည်။

အဆိုပါကိစ္စအတွက် ဂမ်ဘီယာနိုင်ငံမှ နိုဝင်ဘာ ၁၁ ရက်နေ့တွင် တရားစွဲအမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်း မည်ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...