ပလက်ဝတွင် ညမထွက်ရအမိန့်ကြောင့် ဘာသာရေးဝတ်ပြုအစည်းအဝေးများ ပိတ်ထားရ

ပလက်ဝတွင် ညမထွက်ရအမိန့်ကြောင့် ဘာသာရေးဝတ်ပြုအစည်းအဝေးများ ပိတ်ထားရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်သည့်နောက်ပိုင်းတွင် ညဝတ်ပြု အစီစဉ်များ ပြုလုပ်သည့်မရခြင်းကြောင့် ဘုရားကျောင်း အတော်များများ ညဝတ်ပြုအစည်းအဝေးများ ပိတ်ထားကြရသည်ဟု သိရသည်။

ပလက်ဝမြို့ပေါ်ရှိ ခရစ်ယာန်သာသနာပြု အမှုတော်ဆောင်ဓမ္မဆဆရာမောဆက်က “အခု ကျနော်တို့အသင်း တော်ဆိုရင်လည်း အဝေးကနေလာတယ်ဆိုတော့ တနင်္ဂနွေနေ့မနက်ပဲ ဝတ်ပြုလုပ်ရတယ် ညမှာ ဝတ်ပြုလို့မရတော့ဘူး ဘာလို့လဲဆိုတော့ ဝတ်ပြုဖို့လာဖို့တော့အချိန်တော့ရတယ် ပြန်ဖို့အချိန်ကမရှိတော့ဘူးလေ ကျနော်တို့ကျတော့ဝတ်ပြုချိန်ကို ပိတ်လိုက်ရ တာပေါ့ ည (၆) နာရီနောက်ပိုင်းအပြင်မထွက်ရဆိုတော့ စနေညလည်းမရတော့ဘူး တနင်္ဂနွေလည်းမရတော့ဘူး ဗုဒ္ဓဟူးလည်းမရတော့ဘူး” ဟုပြောသည်။

ချင်းပြည်နယ်အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်သည့်နောက်ပိုင်း တွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ပလက်ဝမြို့နယ်တွင် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ညနေ (၆) နာရီမှ နံနက် (၆) နာရီထိ လုံခြုံရေးအရတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်းနှင့် လူ (၅) ဦးထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ပလက်ဝမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ညမထွက်ရအမိန့်ကြောင့် ဘာသာရေးပိုင်းဆိုင်ရာတွင် အခက်ကြုံနေကြရသကဲ့သို့ နေ့စဉ်လူနေမှုဘဝတွင်လည်း ထိခိုက်နစ်နာမှုများရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်းတွေ အလုပ်လုပ်ကိုင်နေသူ ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“တစ်မြို့နယ်လုံးဆိုတော့ လူတွေက ကသိကအောင့်ဖြစ်နေတာပေါ့ လူ (၅) ဦးနဲ့ အထက်စုဝေးမရဆိုတော့ CSO, NGO တွေကအစ အဖွဲ့အစည်းအားလုံးကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေ လုပ်ဆောင်တဲ့နေရာမှာ အဆင်မပြေတော့ဘူး၊ နောက်တစ်ခုက ဒေသခံတွေ ငါးဖမ်းတဲ့သူတွေရှိတယ် တောင်ယာသွားတဲ့သူတွေရှိတယ် အဲဒါတွေလည်း အဆင်မပြေကြတော့ဘူး” ဟု ပလက်ဝဒေသခံကပြောသည်။

ညမထွက်ရအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ (၂) လကြာမြင့်မည်ဖြစ်သည့်အတွက် ဘာသာရေးပွဲလမ်းများနှင့် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်နေ့တွင်လည်း ဝတ်ပြုကိုယ်းကွယ်သည့်အစီစဉ်များ မပြုလုပ်နိုင်မည်ကို စိုးရိမ်နေကြသည်။

ပလက်ဝမြို့နယ်တွင် အကြမ်းဖက်သောင်းကြမ်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု/ခေါ်ဆောင်မှုများ ဆောင်ရွက်ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချိူ့တွင်အပြစ်မဲ့အရပ်သားပြည်သူ အချိူ့ သေဆုံး/ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ညအချိန် လွတ်လပ်စွာဆက်လက်သွားလာခွင့်ပြုပါက အကြမ်း ဖက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို နိုဝင်ဘာလ (၉) ရက်နေ့စွဲဖြင့် ပလက်ဝမြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...