လေးမြို့မြစ်ပေါ် ရေကာတာတည်ဆောက်လျှင် ကျေးရွာ (၅၀) ကျော် ဘေးဒုက္ခကြုံတွေ့နိုင်

လေးမြို့မြစ်ပေါ် ရေကာတာတည်ဆောက်လျှင် ကျေးရွာ (၅၀) ကျော် ဘေးဒုက္ခကြုံတွေ့နိုင်

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ လေးမြို့မြစ်ပေါ်တွင် အကြီးစားရေကာတာ တည်ဆောက်မည်ဆိုပါက အနီးနားပတ်ဝန်းကျင်ကျေးရွာပေါင်း (၅၁) ရွာမှ လူဦးရေနှစ်သောင်းကျော်တို့သည် ဘေးဒုက္ခကြုံတွေ့နိုင်သည်ဟု ချင်းမြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (Chin River Watch) အဖွဲ့ကပြောဆိုလိုက်သည်။

ပလက်ဝမြို့နယ်၊ ကိုဖေရှေ ကျေးရွာအနီး၊ လေးမြို့မြစ်ပေါ်တွင် လျှပ်စစ် မဂ္ဂါဝပ် (၆၂၂) ထွက်ရှိနိုင်မည့် စီမံကိန်း (၁) နှင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စိုင်းဒင်ကျေးရွာအနီးတွင် လျှပ်စစ် (၁၀၅) မဂ္ဂါဝပ် ထွက်ရှိနိုင်မည့် စီမံကိန်း (၂) ကို တည်ဆောက်ရန် အစိုးရက လေ့လာဆန်းစစ်မှုများပြုလုပ်နေသည့်ကိစ္စနှင့်ပတ်သက်၍ Chin River Watch အဖွဲ့က နိုဝင်ဘာလ (၄) ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ထိုကဲ့သို့ပြောဆိုလိုက်ကြခြင်းဖြစ်သည်။

Chin River Watch ၏ အတွင်းရေးမှူး ဦးမန်ဇခုပ်က “ အဲဒီအနီးနားမှာရှိတဲ့ ကျေးရွာအနည်းဆုံး (၅၁) ရွာကလူဦးရေက နှစ်သောင်းလောက်ဟာ ပြောင်းရွှေ့ရမယ့်အလားအလာရှိနေတယ်၊ တကယ်လို့ မပြောင်းရင်လည်း ရေအောက်ထဲရောက်သွားနိုင်တယ်၊ အဲဒီစီမံကိန်းကို အစိုးရကအကောင်ထည်ဖော်မယ်ဆိုရင် အဲဒီဒေသခံ ပြည်သူလူထုတွေက အဲဒီမြစ်ကမ်းပေါ်မှာပဲ လုပ်ကိုင်စားသောက်နေထိုင်ကျတာကိုး အဲဒီတော့ရေကာတာကိုဖွင့်ရင်တော့ လုပ်ကိုင်လို့ရမှာမဟုတ်ဘူးလေ အဲဒီခါမှာ အလုပ်လက်မဲ့တွေဖြစ်သွားကြမယ်’’ ဟု ပြောသည်။

လေးမြို့မြစ်တစ်လျှောက်သည် ချင်းမျိူးနွယ်များဖြစ်သည့် ဒိုင်၊ လေးတူမျိူးနွယ်စုများနှင့် ရခိုင်တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး မြစ်ချောင်းတစ်လျှောက်တွင် ကျေးရွာပေါင်း (၆၀) ကျော်၊ လူဦးရေ သုံးသောင်းနီးပါးခန့် နေထိုင်ကြသည်ဟုသိရသည်။ “တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကျနော်တို့မတည်ထောင်နိုင်သေးသရွေ့ကာလပတ်လုံး ဒီလိုမျိုး အကြီးစားစီမံကိန်းတွေကို အစိုးရအနေနဲ့ လုံးဝမလုပ်သင့်ဘူး၊ ခွင့်မပြုသင့်ဘူး၊ ရပ်တန့်ပေးဖို့ ကျနော်တို့တောင်းဆိုပါတယ်’’ ဟု ဦးမန်ဇခုပ်ကပြောသည်။

မတူပီမြို့၊ ဘုံတလာရေတံခွန်ကနေ မြစ်ဖျားခံလာပြီး ပလက်ဝမြို့နယ်ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်သို့ စီးဝင်သွားသော လေးမြို့မြစ်ပေါ်တွင် ရေအားလျှပ်စစ်တည်ဆောက်မည့် စီမံကိန်းဖြစ်ပြီး ယခုတိုင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့ ပဋိပက္ခတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်ကာ ဒေသခံပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေရလျက်ရှိသည်။

၎င်းရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၉ ခုနှစ်ကတည်းက တရုတ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ရန်စတင်ခဲ့ကြပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

၂၀၁၅ ခုနှစ် NLD အစိုးရတက်လာသည့်နောက်ပိုင်းမှစ၍ အဆိုပါစီမံကိန်းကို အသစ်တဖန်ပြန်လည်စတင်ရန် ပြင်သစ်လျှပ်စစ်ကုမ္ပဏီတစ်ခုက ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုများပြုလုပ်ခဲ့သော်လည်း ပြန်လည်ရပ်တန့်ခဲ့သည်။

ထို့နောက် ယခုတစ်ဖန် ထိုကုမ္ပဏီကပင် စီမံကိန်းပြန်လည်ဖော်ဆောင်ရန် စူးစမ်းလေ့လာမှုများ ထပ်မံပြုလုပ်လျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကတော့ ယခုအခြေအနေသည် ဖြစ်နိုင်ခြေရှိ/မရှိ Survey ဆင်းသည့်အဆင့်သာရှိသေးကြောင်း၊ ထွက်ရှိလာသည့် Survey ဒေတာအပေါ်ခြေခံပြီး ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးဌာနတို့မှ သုံးသပ်ကာ လုပ်သင့်သည့်အခြေနေရှိမှ လုပ်မည်ဖြစ်ကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ယခင်ကပြောဆိုခဲ့သည်။

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းကြီးဖြစ်လာမည်ဟု သိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...