AA တပ်ဖွဲ့က အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်ပေး

AA တပ်ဖွဲ့က အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်ပေး

ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့က ချင်းပြည်နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဆက်လက်ထိန်းသိမ်းထားပြီး ကျန် (၉) ဦးကို ယနေ့နံနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“ဒီနေ့မနက် မနက်(၆) နာရီကသူတို့ပြန်လွှတ်လိုက်ပြီ၊ ဦးဝှေ့တင်းတစ်ယောက်ကိုပဲ မေးစရာရှိသေးတယ်ဆိုပြီး ဆက်ထိန်းသိမ်းထားတယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့သည် စပိဘုတ် (၂) စီးဖြင့် ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာရာတွင် နိုဝင်ဘာလ (၃) ရက်နေ့၌ အေအေတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ထို့ကဲ့သို့ ဖမ်းဆီးထိန်းသိမ်းစဉ်တွင် အသက် (၆၀) အရွယ် အိန္ဒိယနိုင်ငံသားတစ်ဦးသည် အမောဆို့ပြီး သေဆုံးသွားခဲ့သည်ဟု ဝန်ကြီးကဆက်ပြောသည်။

“အဲဒီ (၉) ယောက်ထဲမှာ အိန္ဒိယနိုင်ငံသားတစ်ယောက် အသက် (၆၀) အရွယ်ရှိတဲ့ တစ်ယောက်ကတော့ အမော့ဆိုပြီး သေသွားတယ်၊ သေသွားတဲ့အလောင်းနဲ့ ကျန်တဲ့ (၈) ယောက်ကတော့ အခုသူတို့ မနေ့ speed boat ရှိတဲ့နေရာလာပြီးတော့ အခုကျောက်တော်ကိုသွားတယ် ကျောက်တော်ကနေ အလောင်းကို

စစ်တွေကိုအခုသူတို့ထွက်သွားကြတယ်” စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားသည့် ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာ ယခုကဲ့သို့ဖြေကြားခဲ့သည်။

“ဦးဝှေ့တင်းကိုတော့ ကျနော်တို့လုံခြုံရေးအရ နောက်ထပ်စစ်ဆေးစရာတွေရှိသေးတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ ထိန်းသိမ်းထားတာရှိတယ်၊ သူကိုထိန်းသိမ်းထားတဲ့ဥစ္စာကတော့ အကြောင်းအရာတော်တော်များများရှိတယ် ဦးဝှေ့တင်းဟာ ဗမာစစ်တပ်နဲ့ပူးပေါင်းပြီးတော့မှ အေအေရဲ့သတင်းအချက်အလက်တွေကို စုဆောင်းဖို့အတွက် ခမီးလူငယ်တွေကို လျှိူ့ဝှက်ဖွဲ့စည်းပြီးတော့မှ လုပ်နေတာတွေရှိတယ်၊ နောက်တစ်ခုက ပလက်ဝမြို့နယ်ထဲမှာ လူဦးရေအများဆုံးဖြစ်တဲ့ ခူမီးလူမျိူးတွေနဲ့ ရခိုင်လူမျိူးတွေကြားမှာ ဘာသာရေး၊ လူမျိူးရေး ပဋ္ဋိပက္ခတွေဖြစ်လာအောင် ခူမီးလူငယ်တွေကို သွေးထိုးလှုံ့ဆော်မှုတွေ တောက်လျှောက်လုပ်နေတာဖြစ်တယ် ခူမီးနဲ့ရခိုင်က နှစ်ပေါင်းများစွာ ချစ်ချစ်ခင်ခင်နေလာတဲ့လူမျိူးတွေဖြစ်တယ်၊ ကျနော်တို့ ရက္ခိုင့်တပ်မတော်ကိုလည်း ဗမာစစ်တပ်နဲ့ပေါင်းပြီးတော့မှ မတရားစွပ်စွဲအပုပ်ချပြီးတော့မှ တောက်လျှောက်လုပ်နေတာရှိတယ် ကျနော်တို့ တော်လှန်ရေးကာလ အခက်အခဲအကျပ်အတည်းတွေနဲ့ ရုန်းကန်နေတဲ့ကြားထဲမှာ ကျနော်တို့ကို နိုင်ငံရေးအရ သိက္ခာချဖို့အတွက် ကြိုးစားနေတဲ့သူတွေထဲမှာ သူက ထိပ်ဆုံးကပါတယ် အဲဒါကြောင့်မို့လို့ ဦးဝှေ့တင်းကို လုံခြုံရေးအရ နောက်ထပ်စစ်ဆေးစရာတွေရှိသေးတဲ့အတွက်ကြောင့် ဆက်ပြီးတော့ ထိန်းသိမ်းထားတာဖြစ်တယ်” ဟု ဦးခိုင်သုခကပြောသည်။

ဦးဝှေ့တင်းအား ပြန်လွှတ်ပေးမည်/မလွှတ်မည်ကို ယခုအချိန်တွင်ပြောဆို၍မရကြောင်း၊ သူ့ကိုစစ်ဆေးမေးမြန်းပြီးမှသာ သိရှိနိုင်မည်ဟု ဦးခိုင်သုခကပြောသည်။ “သူ့ကို စစ်ဆေးပြီးတဲ့အခါမှပဲ ပြောလို့ရမယ် လောလောဆယ်ကတော့ သူ့ကို ကျနော်တို့လုံခြုံရေးအရ ဆက်ပြီးထိန်းသိမ်းသွားဖို့ရှိတယ်’’ ဟု ဦးခိုင်သုခကပြောသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...