သမ္မာကျမ်းစာသင်တန်းကျောင်းကို ဝင်းစီးခဲ့မှု အကြောင်းရင်း မသိရသေး

သမ္မာကျမ်းစာသင်တန်းကျောင်းကို ဝင်းစီးခဲ့မှု အကြောင်းရင်း မသိရသေး

ကချင်ခရစ်ယာန်အသင်းတော်ပိုင် မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ ‘အသက်တာသစ် သမ္မာ ကျမ်းစာသင်တန်းကျောင်း’ ကို လက်နက်ဖြင့်အရပ်ဝတ်လူတစ်စု ဝင်စီးခဲ့မှု အကြောင်းရင်းကို သင်တန်းကျောင်းတာဝန်ခံများမှ ပြည်နယ်ဝန်ကြီးချုပ်ထံ မေးမြန်းထားခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးကြောင်း သိရပါသည်။

စက်တင်ဘာ ၂၆ ရက်နေ့ နံနက် မိုးမလင်းမှီအချိန် အဆိုပါသင်တန်းကျောင်းကို စရဖအဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် အများပြည်သူ ပွဲလမ်းသဘင်သုံး စကားပြောစက်ကို ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်မှုကြောင့်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ ဖြင့် သင်တန်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဆရာလခဲဆိုင်းအောင်ကို တရားစွဲဆိုထားပါသည်။

အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် နှင့် မြစ်ကြီးနားဇုံနယ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(MKBA) နှင့် အသက်တာသစ် ကျမ်းစာသင်တန်းကျောင်းမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့စဉ် ဝန်ကြီးချုပ်အား မေးမြန်းချက်နှင့် ပတ်သက်ပြီး နောက်ဆက်တွဲများကို အောက်တိုဘာ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ဝန်ကြီးချုပ်အဖွဲ့ကိုလည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့တောင်းဆိုတဲ့အရာကတော့ ဒီနေ့ထိ သူတို့လည်း အကြောင်းမပြန်ပါဘူး။ ဒါကြောင့်မို့ လူထုအားလုံးလည်း ဒီအကြောင်းအရာအဖြစ်အပျက်ကို ပွင့်လင်းမြင်သာစေဖို့ ၊ နောက်ပြီး သာသနာလုပ်ငန်းကိုလည်း ကျနော်တို့အားလုံး ဝိုင်းဝန်းလုပ်ဆောင် နိုင်ဖို့ရန်အတွက် ဒီကနေ့ ဒီ ရှင်းလင်းပွဲကို လုပ်ခြင်းဖြစ်ပါတယ်။” ဟု မြစ်ကြီးနားဇုံနယ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ သိက္ခာတော်ရ ဆရာ လဆီ နော်ဘောက် ဆိုသည်။

သို့သော်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲခံရသည့် ဖြစ်စဉ်တွင် ယနေ့ချိန်ထိ တရားရုံးမှ ဆင့်ခေါ်စာ မရရှိသေးကြောင်း ဆိုပါသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အရ လိုင်စင်ရယူပြီးမှ အသုံးပြုဖို့သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးပစ္စည်းကို လိုင်စင်မဲ့ ကိုင်ဆောင်နေခြင်း သို့မဟုတ် အသုံးပြုခြင်းများ ပေါ်လွင်ခဲ့လျှင် တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည့် ဥပဒေဖြစ်ပါသည်။

“နောက်နောင် ဒီလိုမျိုးအဖြစ်အပျတ်မျိုး ထပ်မံ မဖြစ်အောင် အစိုးရအနေနဲ့ရော ၊ တပ်မတော်အနေနဲ့ရော နားလည် ပေးဖို့ ကျနော်တို့ ဒီကနေ့ တောင်းဆို တိုက်တွန်းလိုတယ်။ ဘာသာရေးနဲ့ သက် ဆိုင်တဲ့ လူသားတွေ ဝိညာဉ်ရေးအတွက် ကောင်းတဲ့အလုပ်ကို ပြုလုပ်နေတာဖြစ်တယ်။ အသင်းတော်အနေနဲ့ ပတ်သက်လို့ ပြသာနာတစ်ခုခု ကြားခဲ့သည်ရှိသော် အသင်းတော်မှာ သက်ဆိုင်တဲ့လူကြီးတွေရှိတယ်။ သက်ဆိုင်တဲ့ တာဝန်ရှိသူ တွေနဲ့ အရင်ဆုံး တိုင်ပင်ညှိနှိုင်းပြီးမှ ပြုလုပ်စေချင်တယ်။ ရန်သူလို ရာဇဝတ်ကောင်တွေလို သူပုန်စခန်းတွေကို ဝင်ဖမ်းသလို မလိုဘူးလို့ ပြောချင်တယ်။” ဟု မြစ်ကြီးနားဇုံနယ်နှစ်ခြင်း အထွေထွေအတွင်းရေးမှူး ဦး လယော် ဒေါင်ဟောင်း ပြောဆိုထားပါသည်။

အဆိုပါ မော်ဖောင်း ‘အသက်တာသစ်သမ္မာကျမ်းစာသင်တန်းကျောင်း’ သည် မူးယစ်ဆေးစွဲသူများကို ကျမ်းစာသင်ပေးခြင်းဖြင့် ကင်းစင်စေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အောက် မြစ်ကြီးနားဇုံ သာသနာနယ်၏ အသင်းတော်တပါးဖြစ်ပါသည်။

ထို့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်စခန်းနှင့် နီးစပ်သော ကျေးရွာလည်း ဖြစ်ပါသည်။

ယင်း သမ္မာကျမ်းစာသင်တန်းကျောင်းမှ သင်တန်း သားဦးရေ ၁၀၀၀ ကျော်ကို မူးယစ်ကင်းစင်စေခဲ့ပြီး၊ လက်ရှိတွင်လည်း သင်တန်းသားဦးရေ ၁၀၀ ကျော် တက်ရောက်နေသည်ဟု သိရပါသည်။

ကချင်ပြည်နယ်အတွင်း အရှိန်ဟုန်မြင့်ပြန့်ပွားလာသော မူးယစ်ဆေးဝါးအန္တရယ်ကို ထိန်းချုပ်ရန် ကချင်အသင်းတော်များ ဦးဆောင်သော လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Pat Jasan ကို ၂၀၁၄ ခုနှစ်တွင် ကချင်နှင့် ရှမ်းမြောက်တွင် ဖွဲ့စည်းခဲ့ပါသည်။

စတင်ဖွဲ့စည်းပြီး ၂ နှစ်အတွင်း ပြည်နယ်အနှံ ဘိန်းခင်းများ ဖျက်စီးမှုပြုလုပ်ခဲ့ပြီးနောက်၊ ၂၀၁၇ မှစတင်ပြီး ယနေ့ချိန်ထိ မူးယစ်ဆေးစွဲသူများကို အသိပညာပေး သမ္မာကျမ်းစာဖြင့် စာရိတ္တပြုပြင်ပေးမှုများ ပြုလုပ်နေသည်ကိုတွေ့ရပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...