ချင်းပြည်နယ် အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော်မှုများနှင့် ပတ်သက်ပြီး “ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်ပဲ တက်တက် ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး” လို့ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်မှ အောက်တိုဘာ ၁၇ရက်နေ့တွင် ပြောကြားသည့် သတင်းကို ဖတ်ရပါသည်။
အစပိုင်းတွင် ဝန်ကြီး၏ ပြောဆိုမှုမှာ မှန်ကန်မှု မရှိပဲ စိတ်ထဲရှိရာ လျှောက်ပြောနေသည် သို့မဟုတ် ဟာသ တော်တော်ပြောတတ်တာပဲ ဆိုပြီး မိမိစိတ်ထဲတွင် ဆင်ခြင် သံုံးသပ်မိပါသည်။ သို့သော်လည်း အချိန်ယူပြီး သေချာ စဉ်းစားကြည့်လိုက်သောအခါ ဝန်ကြီး၏ ပြောဆိုမှုသည် ဟာသတစ်ပုဒ် မဟုတ်ခဲ့သလို မှားယွင်းသော ပြောဆိုမှု မဟုတ်မှန်းကို တဖြည်းဖြည်း သဘောပေါက်ခဲ့ပါသည်။
အမှားအမှန် ရောထွေး
မိမိသည် မြို့တော် ဟားခါး အပါအဝင် မြို့နယ် တော်တော်များများကို လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ် အတွင်း ရောက်ခဲ့ဖူးသည် ဖြစ်ရာ မြို့နယ် အများစုသည် ဂုဏ်ယူဝင့်ကြွားလောက်အောင် တိုးတက် ပြောင်းလဲမှု မရှိသော်လည်း တစ်ချို့ မြို့ကြီးများသည် နေ့ချင်းညချင်း တိုးတက် ကြီးပွားနေသည်မှာ မျက်မြင်တွေ့ရှိရပါသည်။
ဖွံ့ဖြိုးတိုးတက်ကြီးပွား ခွင့်ရခဲ့သော မြို့ကြီးများဖက်မှ ကြည့်မည်ဆိုပါက မည်သည့် ပါတီ၊ မည်သည့် အစိုးရ တက်တက် ယခုအစိုးရလောက် လုပ်ဆောင်ပေးနိုင်မည် မဟုတ်ဘူး ဆိုတာ အမှန်တရား ပင်ဖြစ်ပါသည်။ ထို့ကြောင့် ဝန်ကြီး၏ ပြောစကားသည် ဟာသတစ်ခု သာ မဟုတ်ပဲ အမှား အမှန် ရောထွေးနေသော သဘော ဖြစ်နေသည်ဟု သုံးသပ်မိပါသည်။
စေတနာဖြင့်သာ
တစ်ဆက်တည်းတွင်ဤသို့သော ဖွံ့ဖြိုးရေး မညီမျှမှု၊ ဘဏ္ဍာခွဲဝေမှု မညီမျှမှု ကြီးမားလွန်းနေသည်မှာ အစိုးရတစ်ဖွ့ဲတည်း၏ အားနည်းချက်ကြောင့် မဟုတ်မှန်းလည်း သဘောပေါက်ခဲ့ပါသည်။ လက်ရှိအစိုးရအနေဖြင့် သူတို့၏ လုပ်ဆောင်မှုတိုင်းတွင် စေတနာ အရင်းခံပြီး မိမိတတ်နိုင်သလောက် အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေသည်မှာ သံသယ မရှိ ယုံကြည်ခဲ့ပါသည်။
မိမိ အပါအဝင် တစ်ချို့သော မီဒီယာများနှင့် ပုဂ္ဂိုလ်များမှ အစိုးရ၏ အားနည်းချက်နှင့် လိုအပ်ချက်များကို အလျဉ်းသင့်သလို ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့ကြသော်လည်း တစ်စုံတစ်ရာ ရလဒ်ကောင်းများ ထွက်လာနိုင်သည်အထိ တွန်းတွန်းတိုက်တိုက် ပံ့ပိုး ကူညီခြင်း၊ ဖိအားပေး ဆွဲဆောင်ခြင်း မလုပ်ဆောင်နိုင်ခဲ့ခြင်းကိုလည်း ဝန်ခံရမှာ ဖြစ်ပါသည်။
ဤသို့သော ဝေဖန်ထောက်ပြခြင်း၊ ပြောဆို ရေးသားခြင်းသည် အစိုးရအား ပြစ်တင်ချင်တဲ့သဘော၊ လက်ညှိုးထိုး အကုန်လွှဲချ ချင်တဲ့သဘော မဟုတ်ပဲ အပြောင်းအလဲ တစ်ခု၊ အရွေ့တစ်ခုကို ပီပီပြင်ပြင် မြင်တွေ့လိုသော ဆန္ဒများဖြင့် ပြောဆိုနေခြင်းသာ ဖြစ်ပါသည်။
သို့သော်လည်း အစိုးရ အနေဖြင့် ဒီမိုကရေစီ စနစ်၏ အနှစ်သာရ တစ်ခုဖြစ်သော အချင်းချင်းကြား ဝေဖန်ထောက်ပြ ထိန်းကျောင်းမှုများကို အလေးထား ဂရုပြုမှု မရှိခဲ့သည်မှာလည်း အကြိမ်ကြိမ် ကြုံနေရပါသည်။
အတိုက်အခံအင်အားစု ပျောက်ဆုံးခြင်း
ထို့ပြင် အစိုးရတစ်ရပ် ခိုင်မာအားကောင်းရန်နှင့် အားနည်းချက် လိုအပ်ချက်များကို အချိန်မီ ပြုပြင်နိုင်ရန် အဓိက တွန်းအား ဖြစ်စေခဲ့သည်မှာ အပြုသဘောဖြင့် ဝေဖန် ထောက်ပြမည့် အရည်အချင်း ရှိသော အတိုက်အခံ နိုင်ငံရေး အင်အားစုများ ရှိရန် လိုအပ်နေသော်လည်း ချင်းပြည်နယ် အစိုးရတွင် ဤသို့သော အတိုက်အခံအင်အားစု မထွန်းကားခဲ့ပေ။
NLD ပါတီသည် ဒီမိုကရေစီ တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍဖြစ်သော အားကောင်းသည့် အတိုက်အခံ အင်အားစု အဖြစ် တာဝန်ကျေခဲ့သော်လည်း သူတို့ကိုယ်တိုင် အစိုးရ ဖြစ်လာသောအခါ နောက်ထပ် အတိုက်အခံ အင်အားစု ပေါ်မလာခဲ့ပါ။ သို့ဖြစ်သောကြောင့် အတိုက်အခံမရှိသော အစိုးရ အဖြစ် ရပ်တည်လာခဲ့သဖြင့် အားနည်းချက်၊လိုအပ်ချက်များ ကို ပဲ့ပြင်ထိန်းကျောင်းမည့် အင်အားစု မရှိသည့် အနေအထား ဖြစ်လာပါသည်။
CSOs ကွက်လပ်ကြီမားခြင်း
ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကား နိုင်ရန် ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ အစိုးရ၊ ဈေးကွက် (ကုမ္ပဏီ)၊ လူမှုရေး အသင်းအဖွ့ဲများ အားလုံး လက်တွဲညီညီ အပြန်အလှန် ထိန်းကွပ်နိုင်မှ သာလျှင် ဒီမိုကရေစီ ယဉ်ကျေးမှု အမြစ်တွယ် ခိုင်မာလာနိုင်မည်ဟု မိန့်ဆိုကြပါသည်။
သို့သော်လည်း လက်ရှိ ချင်းပြည်နယ် အနေအထားတွင် အစိုးရနှင့် ဈေးကွက် (ကုမ္ပဏီ) သာ ခိုင်မာအားကောင်းပြီး လူမှုရေးအသင်းအဖွဲ့များမှာ လိုအပ်သည်ထက် များစွာ အားနည်းနေသည်ဟု သုံးသပ်ရပါမည်။
ယခင် အစိုးရလက်ထက်တွင် အတိုက်အခံ အင်အားစုနှင့် လူမှုရေး အသင်းအဖွဲ့များသည် နိုင်ငံတော် တည်ဆောက်ရေး၏ မိတ်ဖက် ဘက်တော်သားများ အဖြစ် လက်ခံ သဘောထား ရှိသည်ဖြစ်ရာ NLD ပါတီနှင့် လူမှုရေး အသင်းအဖွဲ့များသည် နှစ်အိမ့် တစ်အိမ် ကဲ့သို့ နီးနီးကပ်ကပ် လက်တွဲလှုပ်ရှားကာ အများပြည်သူအတွက် မိမိ ကျရာ အခန်းကဏ္ဍတွင် အားကြိုးမာန်တက် ပါဝင်ခွင့် ရခဲ့ကြပါသည်။
ပြည်သူလူထု၏ လိုလားချက်၊ လိုအပ်ချက်များကိုလည်း ပြည်သူ့ကိုယ်စား အရေးဆိုခြင်း၊ တင်ပြဆွေးနွေးခြင်းများ ပြုလုပ်နိုင်ခဲ့သလို အစိုးရ၏ အားနည်းချက်၊လိုအပ်ချက်များကို လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြ ခဲ့ကြပါသည်။ အစိုးရအနေဖြင့် အတိုက်အခံ အင်အားစု များနှင့် လူမှုရေး အသင်းအဖွဲ့များ၏ သဘောထားနှင့် ရပ်တည်ချက်များကို အတိုင်းအတာတစ်ခု အထိ အသိအမှတ်ပြု လက်ခံ ခဲ့သဖြင့် ပြည်သူလူထု၏ အားကိုး ယုံကြည်မှု တိုးတက်လာကာ မွန်မြတ်သော လူမှုရေးအသင်းအဖွဲ့များ အဖြစ် ချီးကျူး လက်ခံကြပါသည်။
သို့သော်လည်း NLD အစိုးရတက်လာသောအခါ လူမှုအသင်းအဖွဲ့များသည် ယခင်ကလောက် အားမကောင်း နိုင်တော့ပါ။ ထိုသို့ဖြစ်ရသည့် အကြောင်းများစွာ ထဲတွင် ၁) CSOs များ၏ အနီးကပ် လုပ်ဖော်ကိုင်ဖက်တစ်ချို့မှာ ရွေးကောက်ခံအစိုးရ ဖြစ်သွားသဖြင့် CSOs အင်အား လျှော့နည်းလာခြင်း၊ ၂) မိမိအပေါင်းအသင်းများကိုယ်တိုင် အစိုးရတာဝန်ထမ်းဆောင်ခွင့် ရသဖြင့် CSOs များ စိတ်အေးလက်အေး မျက်နှာလွှဲခဲ့မိခြင်း၊ ၃) CSOs များ၏ အားနည်းချက် တစ်ခုဖြစ်သော တစ်ဖက်လူ အထင်မကြီးတတ်သည့် အကျင့်ဆိုးကို အစိုးရ ထိုင်ခုံ အထိ သယ်ဆောင်သွား ကြသဖြင့် လက်ရှိ လူမှုအသင်းအဖွဲ့များကို တန်ဖိုးထား အလေးမပေးနိုင်ခြင်း ၄) တစ်ချို့သော CSOနဲ့ တချို့သော CSOs သမားများသည် အစိုးရနဲ့ နီးစပ်သူများဖြစ်လာခြင်း သို့မဟုတ် အစိုးရနဲ့ နီးစပ်သောလုပ်ငန်းရှင် တစ်ပိုင်းဖြစ်လာခြင်း စသည့်မြောက်များစွားသော အချက်များကြောင့် လက်ရှိ လူမှုအသင်းအဖွဲ့ များသည် တစ်ဖြည်းဖြည်း အင်အား လျော့နည်းလျက် လူထု၏ ယုံကြည်မှုပါ ကျဆင်းလာကာ အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ပင် ခက်ခဲလာပါသည်။
ထို့ကြောင့် CSOs များအနေဖြင့် မိမိတို့ိကျရာ အခန်းကဏ္ဍမှ အစိုးရအား ကူညီပံ့ပိုးမူ အားနည်း လာသလို ထိရောက်သည့် ဝေဖန်ထောက်ပြမှုပိုင်းတွင်လည်း တဖြည်းဖြည်းအားနည်းလာပါသည်။ ပြည်သူ့အကျိုးကိုလည်း ယခင်ကကဲ့သို့ အားသွန်ခွန်စိုက် လုပ်ဆောင်ရန် အခက်အခဲများရှိလာပါသည်။ သို့ဖြစ်သောကြောင့် အစိုးရ၏ လွဲမှားသော လုပ်ဆောင်မှုတိုင်းတွင် CSOs များ၏ တာဝန် မကျေမှုသည်လည်း အရေးကြီးသော အကြောင်းပြချက် တစ်ခုအဖြစ် သုံးသပ်မိပါသည်။
အထီးကျန်မဏ္ဍိုင်
အစိုးရကောင်း တစ်ရပ် ဖြစ်ပေါ်လာရန် ခေတ်မီတိုးတက်သော နိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် အဓိက မောင်းနှင်အား ဖြစ်သော အစိုးရ မဏ္ဍိုင်သုံးရပ်အပြင် စတုတ္ထမဏ္ဍိုင်အဖြစ် တင်စားခေါ်ဝေါ်ကြသော မီဒီယာ ကဏ္ဍမှာလည်း အထူး အရေးကြီးလှပါသည်။
သို့သော်လည်း ချင်းပြည်နယ်မီဒီယာ၏ အခန်းကဏ္ဍမှာ ဖြစ်သင့်သလောက် ရှေ့တန်း ရောက်မလာနိုင်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ပြည်နယ်တွင်း အရေးကိစ္စကြီးငယ်များ ဖတ်ရှုလေ့လာနိုင်ရန် ပုဂ္ဂလိက မီဒီယာ သည် အဓိက ဖြစ်သည်မှာ အရှိတရား ဖြစ်သည်။ ထို့ပြင် မီဒီယာများသည် CSOs များကဲ့သို့ ယခင်အချိန်များတွင် အတိုက်အခံအင်အားစုများနှင့် လိုအပ်ပါက နီးနီးကပ်ကပ် လက်တွဲ ခဲ့ကြပါသည်။ နိုင်ငံရေးပါတီနှင့် လူမှုရေး အသင်းအဖွဲ့များ လှုပ်ရှားခွင့် ကန့်သတ်ခံရသည့် အချိန်များတွင် ပင်လျှင် မီဒီယာများသည် အများအကျိုး၊ ပြည်သူ့အကျိုးကို ရွက်ရွက်ချွန်ချွန် အကျိုးပြုထမ်းဆောင်ခဲ့ပြီးသား ဖြစ်ပါသည်။
ပုဂ္ဂလိက မီဒီယာများသည် လူထု၏အားပေးထောက်ခံမှုဖြင့် ရပ်တည်ခဲ့ရသည်ဖြစ်ရာ လက်ရှိ အချိန်တွင်ပြည်သူလူထု တစ်ရပ်လုံးမှ ရွေးကောက်တင်မြောက်ခဲ့သော လက်ရှိအစိုးရကို အပြုသဘောဖြင့်ပင်လျင် ဝေဖန်ထောက်ပြရန် အခက်အခဲ ရှိနိုင်သည်ဟု ယူဆရပါသည်။ ထို့အပြင် ချင်းပြည်နယ် အစိုးရမှ အစိုးရစာစောင် ထုတ်ဝေခြင်းနှင့် လူပုဂ္ဂိုလ် လူမှုကွန်ရက်များကို ပိုမိုအားပြုလာသဖြင့် မရည်ရွယ်သော်လည်း ပုဂ္ဂလိက မီဒီယာများနှင့် ပြိုင်ဆိုင်သည့် သဘောသက်ရောက်နေပါသည်။
အစိုးရ၏ သုံးနှစ်တာ လုပ်ငန်း ဆောင်ရွက်မှု၊ သတင်းစာ ရှင်းလင်းပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် နေရာထိုင်ခင်း ခင်းကျင်းပုံကို သေချာ သုံးသပ်မည်ဆိုပါက အစိုးရသည် ပုဂ္ဂလိကမီဒီယာများကို မိမိနှင့်ပြည်သူ တစ်ရပ်လုံး၏ ဘက်တော်သား အဖြစ် အသိအမှတ် မပြုခဲ့သည်မှာ ဝမ်းနည်းစွာ မြင်နေရပါသည်။
ဤကဲ့သို့ အစိုးရမှ ပုဂ္ဂလိကမီဒီယာများကို ဖြစ်သင့်သလောက် အသိအမှတ် မပြုနိုင်ကြသဖြင့် မီဒီယာများမှ လည်း အပြန်အလှန်အားဖြင့် အစိုးရကို လိုအပ်သလို ဝေဖန်ထောက်ပြရန် သတင်းရယူရန် အခက်အခဲ ရှိနိုင်ပါသည်။အကျိုးဆက်အားဖြင့် လက်ရှိအစိုးရ၏လုပ်ငန်းများသည် ဂုဏ်သက္ခာ မရှိသော လွဲှဲမှားသည့် လမ်းကြောင်းပေါ်သို့ တွန်းပို့သလိုဖြစ်သွားကာ ပြည်လူထုတစ်ရပ်လုံး၏ နှစ်နာမူဖြစ်စေခဲ့ပါသည်။
တိုက်ရိုက်အချိုးကျမှု
ခိုင်မာအားကောင်းပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေး တစ်ရပ်ဖြစ်ပေါ်လာရန် အဓိကအချက်များစွာထဲတွင် ပြည်သူလူထု၏ နိုင်ငံရေး အသိရေချိန် မြင့်မားမှုနဲ့ လူထုတစ်ရပ်လုံးမှ တက်ကြွစွာပူးပေါင်းမူသည်လည်း အထူးအရေးပါသည်ဟု သိရပါသည်။ အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံများတွင်မိမိတို့ တင်မြောက်ခဲ့သော ပုဂ္ဂိုလ်များမှ စီမံအုပ်ချုပ်ခွင့်ရသည်ဖြစ်ရာ ပြည်သူလူထု၏ ရွေးချယ်ဆုံးဖြတ်ချက်သည် အင်မတန် အရေးကြီးလှပါသည်။
အစိုးရ၏ မူဝါဒနှင့် သဘောထားသည် ပြည်သူလူထု၏ နား မျက်စိသဖွယ်ဖြစ်သော မီဒီယာများအပေါ်၌ သော်လေည်းကောင်း၊ လူထုခြေလက်သဖွယ်ဖြစ်သော လူမူ့အသင်းအဖွ့ဲများအပေါ်၌် သော်လည်းကောင်း၊ လူထုအကျိုးပြုသော အင်အားစုအသီးသီး၏ပူးပေါင်းပါဝင်နိင်ရေးအပေါ်၌သော်လည်းကောင်း တိုက်ရိုက်
အကျိုးသက်ရာက်မူ ရှိနေလေရာ လက်ရှိအစိုးရ၏ လုဆောင်ချက်တော်တော်များများသည် ပြည်သူလူထုအပေါ် တစ်ဆင့်ခံ ကန့်သတ်ပိတ်ပင်မူများဖြစ်စေခဲ့သည်မှာ လက်ရှိအနေအထားဖြစ်ပါသည်။
ထို့ကြောင့် အဘက်ဘက်မှ တစ်ဆင့်ခံကန့်သတ်ခံနေသော ပြည်သူလူထုအနေဖြင့် အစိုးရ၏လိုအပ်ချက်များတွင်ပူပေါင်းဆောင်ရွက်ရန်ခက်ခဲခြင်း၊ တိကျသည့်ဝေဖန်ထောက်ပြမူများ ပြုလုပ်ရန် ခက်ခဲခြင်းစသည့် အမျိုးမျိုးသောအကြောင်းတရားများကြောင့် အစိုးရသည် လက်ရှိချိန်ထိ ကသာင်းကနင်း လျှောက်သွားနေရသည်ဟုလည်းမှတ်ယူရပါသည်။
နောက်ဆုံးအနေဖြင့် ဝန်ကြီး ဦးစိုးထက်၏ ပြောဆိုမှုသည် အတိုင်းအတာ တစ်ခုသာ မှန်ကန်သည်ဟု သုံးသပ်ရမည် ဖြစ်သလို ယခုကဲ့သို့ ပြည်နယ်အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းခြင်းသည် အစိုးရ တစ်ဖွ့ဲ့တည်းကြောင့် မဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မပြည့်ဝခြင်း၊ အတိုက်အခံ အင်အားစုပျောက်ဆုံးခြင်း၊ မီဒီယာများ၏ သတိကြီးလွန်းခြင်း၊ လူမှုအဖွဲ့အစည်းများ အင်အားချည့်နဲ့ခြင်းနှင့် ပြည်သူလူထု၏ အသိရေချိန် အပြင် အခြားသော အကြောင်းတရားများစွာ ရှိမည် ဖြစ်ရာ ယင်းအနေအထားတွင် အချင်းချင်းကြား လက်ညှိုးထိုး အပြစ်ပုံချခြင်း မပြုပဲ အင်အားစု အသီးသီး ကြားတွင် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အသိအမှတ်ပြုမှု၊ လေးစားယုံကြည်မှုများ အမြန်ဆုံးတည်ဆောက်ကာ ပြည်သူလူထု တစ်ရပ်လုံးအတွက် လက်တွဲညီ ကြိုးစားလုပ်ဆောင်ရန် အချိန်ရောက်ပြီလို့ လေးစားစွာ တင်ပြအပ်ပါသည်။







