တွင်းထွက်နှင့်သဘာဝသယံဇာတများတူးဖော်သုံးစွဲရာ၌ အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်သကဲ့သို့ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မန္တလေးကျောက်မျက်အရိုင်းထည်နှင့် အချောထည်များကို မြန်မာကျပ်ငွေဖြင့်ရောင်းချခြင်း ဖွင့်ပွဲအခမ်း အနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
"တွင်းထွက်ပစ္စည်းတွေကို ထုတ်ဖော်သုံးစွဲရာမှာ အစိုးရက တာဝန်ယူမှုရှိဖို့လိုပါတယ်။ ရတနာပစ္စည်း ဆိုတာ မြေကြီးအောက်မှာ ရှိစဉ်က အဖိုးမတန်ပါဘူး။အပေါ်ကို ရောက်လာတဲ့အခါမှာ လုပ်ငန်းအဆင့် ဆင့်ဖြတ်ပြီး တန်ဖိုးတက်လာပါတယ်။ တူးချင်တိုင်းလည်း တူးလို့မရဘူး။ တူးခွင့်ပေးလို့လည်းမရပါဘူး။ နောင်မျိုးဆက်သစ်တွေအတွက် စီမံခန့်ခွဲဖို့ချန်ရပါမယ်။ ဒါမှ တာဝန်သိတဲ့အစိုးရဖြစ်မယ်"ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးသည် ရွှေသတ္တုအများဆုံးထွက်ရှိသည့် တိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရမည်းသင်းမိုးထိမိုးမိဒေသ၊ သပိတ်ကျင်းဒေသနှင့်စဉ့်ကူးဒေသေရွှကြောများအပြင် မာဘယ်ကျောက်များထွက်ရှိသည့် စကျင်ဒေသ၊ ပတ္တမြားထွက်ရှိသည့် မိုးကုတ်ဒေသတို့လည်းပါဝင်နေသောကြောင့် တွင်းထွက်များ ထွက်ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။
"မန္တလေးတိုင်းမှာ ရင်းနှီးမြှုပ်နှံလိုသူတွေလာတယ်။ ရွှေတူးချင်တယ်။ သတ္တုတူးချင်တယ်။ ဒါပေမယ့် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ရမယ်။ သူများရွှေတူးတာနဲ့ ရွှေလိုက်တူးချင်လို့ မဖြစ်ဘူးလေ။ လုပ်ကွက်တွေ ထပ်နေတယ်။ ပြသနာတွေရှိနေတယ်။ နဂိုကတည်းကိုက ကျွန်တော်တို့မှာ မြေပုံညွှန်း နဲ့အညီ လုပ်ကွက်တွေချပေးတဲ့အခါမှာ Opened Method၊ Closed Method လုပ်။ ဒါပေမယ့်ပိုမတူးနဲ့။ ဒီလိုမဟုတ်ဘူး။ အောက်မှာပိုတူးတာတွေရှိတယ်။ အဲ့တော့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုမဖြစ်ဘူးဗျ။ သဘာဝပတ်ဝန်းကျင်ကြီးပျက်စီးသွားတယ်။ ဘယ်သူတွေခံရလဲ၊ ကျွန်တော်တို့ ပြည်သူတွေပဲခံရတယ်။ ဆင်းရဲတဲ့ပြည်သူတွေခံရတာ”ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်ပြောသည်။
လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသေးစားနှင့်လက်လုပ်လက်စား တွင်းထွက်သယံဇာတရင်း နှီးမြှုပ်နှံမှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများက စီမံခန့်ခွဲရမည်ဖြစ်ရာ ယင်းသို့ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရမှ ဥပဒေတစ်ခု ရေးဆွဲလျက်ရှိကြောင်းသိရသည်။
“Responsible Investor ဖြစ်ရမယ်ဆိုတဲ့အခါ CSR လုပ်ငန်းလုပ်ပေးရမှာ။ CSR လုပ်ငန်းဆိုတာက ဒေသခံပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဆောင်ရွက်ပေးရမှာ။ လိုအပ်တာလေးတွေဖြည့်ဆည်းပေးတာ၊ စာအုပ်ကလေးတွေလှူ၊ အိမ်သာလေးတွေဆောက်ပေးတာ တာဝန်သိမှု၊ တာဝန်ယူမှုမဟုတ်ဘူးနော်။ CSR လုပ်ငန်းရဲ့ အစိတ်အပိုင်းလေးတွေပါ။ ကျွန်တော်တို့နိုင်ငံမှာ ရင်း နှီးမြှုပ်နှံမှုတွေက Oil and Gas လာတယ်။ Mining လာတယ်။ ဒါပေမယ့် Responsible ဖြစ်ဖို့ ကြိုးစားနေရတယ်" ဟုဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မန္တလေးမြို့တွင်ထမဆုံးအကြိမ်ကျင်းပသော ကျောက်စိမ်းအရိုင်းထည်နှင့် အချောထည်တို့ကို မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ကာ ခုနစ်ရက်ကြာ မန္တလေးကွန်ဗန်းရှင်းစင်တာတွင် ကျင်းပလျက်ရှိသည်။







