ပျောက်ဆုံးသွားသည့် သာယာကုန်းကျေးရွာမှ ဇနီးမောင်နှံ ရွာသို့ပြန်လည်ရောက်ရှိ

ပျောက်ဆုံးသွားသည့် သာယာကုန်းကျေးရွာမှ ဇနီးမောင်နှံ ရွာသို့ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာမှ အောက်တိုဘာလ ၅ ရက်နေ့က ပျောက်ဆုံးသွားသော ဦးကူးဟွေးတို့ဇနီးမောင်နှံသည် ယခုလ ၁၂ ရက်နေ့က ၎င်းတို့ကျေးရွာသို့ ပြန်လည်ရောက်ရှိလာကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့က သာယာကုန်းကျေးရွာနေ ဦးကူးဟွေးသည် တောင်ယာသွားနေစဉ် အချိန်မှီအိမ်ပြန်မရောက်ခြင်းကြောင့်ဇနီးဖြစ်သူဒေါ်သန္ဒာဦးမှ တောင်ယာသို့သွားရောက်ရှာဖွေရာတွင် နှစ်ဦးစလုံးပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံသည် တောထဲတွင် AA တပ်ဖွဲ့နှင့် ပက်ပင်းတိုးမိကာ တပ်မတော်ထံသို့ သတင်းပို့မည်ကို စိုးရိမ်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်သည်ဟု မီးဇာကျေးရွာတွင်နေထိုင်သည့် သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကင်းကောကပြောသည်။

“သူတို့ပြောပုံအရဆိုရင် အခုက ခမောင်းဝမှာ တပ်စခန်းရှိတယ် အဲဒီမှာ သူတို့ကအဲဒီတပ်စခန်းက ရိက္ခာထုတ်သွားတဲ့အခါ သူတို့ (AA) ကတိုက်မယ်ဆိုပြီးတော့ လမ်းမှာချောင်းနေတဲ့သဘောပေါ့ အဲဒီမှာ သူတို့ (AA) နဲ့တွေ့ရော တွေ့တော့ သူတို့ (ဦးကူးဟွေးနှင့် ဇနီး) ကိုလွတ်လိုက်ရင် ဗမာတပ်မတော်တွေကို သတင်းပို့မယ်ဆိုပြီးတော့ သူတို့ (AA) ကတစ်ခါတည်း ခေါ်သွားတာလို့သိရတယ်” ဟု ဦးကင်းကောကပြောသည်။

သာယာကုန်းကျေးရွာသည် မြန်မာတပ်မတော် စစ်ဗျူဟာစခန်းရှိသည့် ခမောက်ဝကျေးရွာမှ (၄) မိုင်ခန့်သာ ကွာဝေးသလို AA လက်နက်ကိုင်အဖွဲ့ လူပ်ရှားသွားလာနေသည့် ဆတ်တလိုင်ဝကျေးရွာမှ (၅) မိုင်ခန့်ကွာဝေးသည်ဟုသိရသည်။

ဦးကူးဟွေးတို့ဇနီးမောင်နှံကို (AA) တပ်ဖွဲ့က ကျပ်ငွေ တစ်သောင်းစီပေးပြီး ကောင်းကောင်းမွန်မွန်နှင့် ပြန်လွှတ်ပေးသည်ဟု ပလက်ဝဒေသခံတစ်ဦးကလည်း ယခုလိုပြောဆိုပါသည်။

“သူတို့က AA တွေနဲ့တွေ့တော့ AA တွေက သူတို့ရှိတဲ့အကြောင်း တပ်ကိုသွားပြီးမှ သတင်းပို့မှာစိုးလို့ အဲဒီမှာ သူတို့ကို ထိန်းထားတာလို့ဆိုပြီးခေါ်သွားတာလို့ သာယာကုန်းက ဆယ်အိမ်မှူးကပြောတာ ပြီးတော့ သူတို့ ပြန်လွှတ်လာတော့လည်း AA တွေက တစ်သောင်းတစ်သောင်းစီ ပေးထားတယ်တဲ့ အခုသူတို့က သာယာကုန်းကိုရောက်ပြီ”

ဟု သူကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ၎င်းတို့အနေဖြင့် ဒေသခံရွာသားများအား ဖမ်းဆီးခေါ်ဆောင်မှုမရှိကြောင်း မြေပြင်အနေအထားတွင် လုံခြုံရေးအရ ခေတ္တထိန်းသိမ်းထားခြင်းမျိူးလည်း ရှိကောင်းရှိနိုင်သည်ဟု ပြောဆိုပါသည်။

“တစ်ခါတစ်လေကျရင်ဒီလိုရှိတယ် ကျနော်တို့ကနေပြီးတော့ လုံခြုံရေးအရ ဒီမှာခဏနေဦး ခင်ဗျားတို့သွားလို့ရှိရင် အန္တရာယ်ရှိတယ် အဲဒါမျိုး သူတို့အတွက် အန္တရာယ်ရှိတဲ့နေရာမှာဆိုရင်လည်း အဲလိုလုံခြုံတဲ့နေရာမှာခေါ်သွား တဲ့ဥစ္စာမျိုးကတော့ ရှိကောင်းရှိနိုင်တယ် အဲဒါကတော့ သူတို့ရဲ့လုံခြုံရေးအရပေါ့နော် တခါကျရင် တောမှာဗမာစစ်ကြောင်းနဲ့တွေ့လို့ရှိရင် ဖမ်းပြီးတော့မှဖြစ်ဖြစ် လိုက်ခေါ်သွားတဲ့အဖြစ်တွေ အများကြီးရှိတယ် အဲဒါကြောင့် သူတို့ရဲ့လုံခြုံရေးကိုထည့်တွက်ပြီးမှ အဲလိုမျိုး လေးငါးရက်လောက်ဒီမှာနေဦး ခင်ဗျားတို့ သွားလို့မရသေးဘူးဆိုပြီး အဲဒီလို သူ့ရဲ့လုံခြုံရေးအရ လုပ်တဲ့တွေလည်းရှိကောင်းရှိနိုင်တာပဲ” ဟု ဦးခိုင်သုခကပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) တို့က ပလက်ဝမြို့နယ်တွင် ဒေသခံရွာသား (၁၅) ဦးပျောက်ဆုံးပြီဟု ထုတ်ပြန်ထားကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့တို့သည် ၂၀၁၅ ခုနှစ်ကစ၍ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင်လည်း ဒေသခံပြည်သူ (၃၀၀၀) ခန့် နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်လျက်ရှိသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...