ပလက်ဝတွင် တပ်မတော်မှ ဒေသခံများကို အခကြေးငွေဖြင့် ရိက္ခာသယ်ယူခိုင်းမှုများရှိနေပြီး အသက်အန္တရာယ် စိုးရိမ်နေရဟုဆို

ပလက်ဝတွင် တပ်မတော်မှ ဒေသခံများကို အခကြေးငွေဖြင့် ရိက္ခာသယ်ယူခိုင်းမှုများရှိနေပြီး အသက်အန္တရာယ် စိုးရိမ်နေရဟုဆို

ပလက်ဝမြို့နယ်ရှိ မီးဇာကျေးရွာရှိ ဒေသခံပြည်သူများကို မြန်မာ့တပ်မတော်မှ အခကြေးငွေဖြင့် ရိက္ခာသယ်ယူခိုင်းမှုများရှိနေပြီး အသက်အန္တရာယ်ပိုင်းတွင် လုံခြုံမှုမရှိဘဲ စိုးရိမ်နေရဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း Terah ထံမှ သိရသည်။

“အခုဖြစ်နေတဲ့ ဒေသတွေက တိုက်ပွဲဖြစ်တဲ့ဒေသတွေဆိုတော့ ရွာသားတွေအတွက် လုံခြုံမှုမရှိဘူး၊ အသက်အန္တရာယ်ရှိတယ်ဆိုတော့ တပ်မတော်အနေနဲ့ မလုပ်သင့်ဘူးပေါ့၊ တစ်ကယ်လို့လုပ်ခိုင်းရင်တောင် လုံခြုံရေးလုပ်ပေးသင့်တယ်ပေါ့၊ ခုတော့ အဲလိုမျိုးလဲမရှိဘူး၊ ခုချိန်က တောင်သူတွေရဲ့ စပါးရိတ်သိမ်းတဲ့အချိန်ဆိုတော့ သူတို့အတွက် ဝန်ထုတ်ဝန်ပိုးလည်းဖြစ်တယ်၊ လုပ်ငန်းလည်းပျက်တယ်”ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း Terah က ပြောသည်။

မြန်မာ့တပ်မတော်မှ ဒေသခံများအား ရိက္ခာသယ်ယူခိုင်းခြင်းကို အောက်တိုဘာ ၁၉ရက်နေ့ကစတင် စေခိုင်းခြင်းဖြစ်ပြီး တပ်မ ၇၇ ဗျူဟာထိုင်သည့် ခမောက်ဝအထိ ဆန်အပါအဝင် တပ်ရိက္ခာများ ထမ်းခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ရိက္ခာသယ်ယူခိုင်းခြင်းကို ပျမ်းမျှအားဖြင့် တစ်ရက်တွင် အယောက်နှစ်ဆယ်မှ အယောက်သုံးဆယ်ကျော်အထိ ဆန်တစ်အိတ်တွင်နှစ်ယောက်နှုန်းဖြင့် လူတစ်ဦးကို လေးထောင်ပေးကာ ထမ်းခိုင်းသော်လည်း အကွာအဝေး ကီလိုမီတာ ၅ဝခန့်ထမ်းရသဖြင့် ထိုက်တန်ခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ရိက္ခာသယ်ယူမှုလုပ်ဆောင်ရာတွင် အများအားဖြင့် အမျိုးသားများကိုခိုင်းလေ့ရှိပြီး လူဦးရေမလုံလောက်ပါက အမျိုးသမီးများနှင့် အသက်ငါးဆယ်ကျော် လူကြီးများကိုလည်း ခိုင်းလေ့ရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း Terah ကပြောသည်။

မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟွေ့လောမှ “တစ်ချို့တွေတော့ မလုပ်ချင်ကြဘူး၊ တစ်ချို့တွေတော့ လုပ်ချင်ကြတယ်၊ ဒါပေမယ့် မလုပ်ရင်လည်း မကောင်းဘူးဆိုပြီးတော့ ထမ်းကြရတာဘဲ၊ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းကနေလူစုပေးရတယ်၊ ကျနော်တို့ဘက်လည်း အခက်အခဲအရမ်းဖြစ်တယ်၊ ဘယ်လိုလုပ်ရမလဲမသိဘူး၊ ဘယ်သူမှတော့ ဒီကိစ္စကိုမလိုချင်ကြဘူး”ဟု ပြောသည်။

အဆိုပါ ရိက္ခာသယ်ယူခိုင်းခြင်းကို အောက်တိုဘာ ၁၉ရက်နေ့မှ ယနေ့ထိ သယ်ယူခိုင်းနေပြီး နောက်ရက်များတွင်လည်း ဆက်လယ်သယ်ယူရမည်ဖြစ်ပြီး ရိက္ခာမကုန်မခြင်း သယ်ယူခိုင်းမည်ဟု ယူဆကြောင်း ဦးဟွေ့လောမှ ပြောသည်။

ယခုကဲ့သို့ ဒေသခံပြည်သူများအား တပ်မတော်မှ ရိက္ခာသယ်ယူခိုင်းခြင်းကို ယခုနှစ် ဧပြီလအတွင်းကလည်း လုပ်ဆောင်ခဲ့ဖူးပြီး အနီးအနားရှိ ကျေးရွာငါးရွာမှ ဒေသခံများကို လုပ်ဆောင်ခိုင်းခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့နယ်တွင် ဒေသခံအချို့ တောထဲသွားရာမှ အစအနမရှိဘဲ ပျောက်ဆုံးမှု ယခုနှစ်အတွင်း ၁၅ဦးအထိရှိခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းတွင် လင်မယား ၂ဦးပြန်တွေ့သဖြင့် လက်ရှိအချိန်ထိ ၁၃ဦး ပျောက်ဆုံးနေသေးကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...