ပလက်ဝမြို့နယ်အတွင်း အရပ်သား (၁၅)ဦး ပြောက်ဆုံးနေမှုအပေါ် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ သဘောထားထုတ်ပြန်

ပလက်ဝမြို့နယ်အတွင်း အရပ်သား (၁၅)ဦး ပြောက်ဆုံးနေမှုအပေါ် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ သဘောထားထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် အေအေတပ်ဖွဲ့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ၂၀၁၉ အောက်တိုဘာလ (၁၅)ရက်နေအထိ အရပ်သား (၁၅)ဦးအထိ ပျောက်ဆုံးနေမှုနှင့် ပါတ်သတ်ပြီး ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းမှုကောင်စီမှ ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၂၀ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

သဘောထားထုတ်ပြန်ချက်ထဲတွင် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံတော်အစိုးရအနေဖြင့် ပျောက်ဆုံးနေသည့် အရပ်သားများ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရေးနှင့် ၎င်းတို့အနေဖြင့် မိမိတို့ သက်ဆိုင်ရာမိသားစုများနှင့် အမြန်ဆုံးပေါင်းစည်းနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန် ပါဝင်သည်။

ထို့ပြင် အေအေအဖွဲ့အနေဖြင့် တိုက်ပွဲများနှင့် မသက်ဆိုင်သော ဒေသခံချင်းလူမျိုး အရပ်သားများအား အကြောင်းမဲ့ ခြိမ်းခြောက်ခေါ်ဆောင်ခြင်းများ လုံးဝမပြုလုပ်ရန် တောင်းဆိုထားသည်။

ခူမီးချင်းမျိုးနွယ်စုများ ရေးရာပေါင်းစပ်ညှိနှိုင်းမှုကောင်စီ၏ ညှိနှိုင်းရေးမှူး ဦးစောမြမှ “ အခုလက်ရှိ အခြေအနေက စစ်ပွဲဖြစ်နေတဲ့ အနီးအနားရွာတွေက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကတစ်မျိုး၊ စစ်မဖြစ်ဘဲနဲ့လဲ အခုလိုပျောက်ဆုံးမှုတွေရှိနေတော့ တစ်နယ်လုံးစိုးရိမ်နေကြတယ်၊ တောင်ယာလည်းမသွားရဲကြဘူး၊ တိုင်းရင်းသားတွေက တရားမျှတမှုမရလို့ လက်နက်စွဲကိုင် တော်လှန်ရေးလုပ်ကြတယ်၊ အဲဒါကြောင့် တော်လှန်ရေးလုပ်တဲ့ လက်နက်ကိုင်တွေကိုယ်တိုင်က တရားမျှတမှုကင်းမဲ့တဲ့ လုပ်ရပ်မျိုးမလုပ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO)မှ ပလက်ဝမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံပြည်သူ (၁၅)ဦး ပဟေဠိ ဆန်ဆန် ပျောက်ဆုံးနေမှု နှင့်ပတ်သက်ပြီး သတင်းအစအနပင်ဘာတစ်ခုမှ မသိရကြောင်း အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ချင်းလူ့အခွင့်ရေးအဖွဲ့မှ Pu Terah က “ခုထိပျောက်ဆုံးနေတာ ၁၅ယောက်ရှိပြီ၊ ၂၀၁၈မှာ ၂ယောက်ပျောက်တယ်၊ ၂၀၁၉မှာ ၁၃ယောက်ပျောက်တယ်၊ ပျောက်ဆုံးနေတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်ရယ် အေအေတပ်မတော်ရယ် သူတို့မှာလည်း တာဝန်ရှိတယ် တကယ်လို့ သူတို့ဖမ်းဆီးတယ်ဆိုရင် သူတို့ဘာကြောင့် ဖမ်းဆီးတာလည် အခုပျောက်တာလည်း တော်တော်များတယ် ဖမ်းတဲ့အကြောင်းရင်းလည်း ဖော်ထုတ်သင့်တယ် သူတို့က သက်ဆိုင်ရာကို အကြောင်းကြားသင့်တယ် အစနပျောက်တယ် ဆိုဒါက လုံခြုံရေးအရ စိုးရိမ်စရာကောင်းတယ်”ဟုပြောသည်။

CHRO၏ ထုတ်ပြန်ချက်ထဲတွင် ပျောက်ဆုံးနေသည့် ဒေသခံ (၁၅)ဦးနှင့်ပါတ်သတ်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) နှစ်ဘက်လုံးမှ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုထားကြောင်း ဖော်ပြထားသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...