ချင်းပြည်နယ်အတွင်း လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ အစိုးရသတ်မှတ်သည့် နေရာတွင်သာ တည်းခိုရမည်ဟုဆို

ချင်းပြည်နယ်အတွင်း လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ အစိုးရသတ်မှတ်သည့် နေရာတွင်သာ တည်းခိုရမည်ဟုဆို

ချင်းပြည်နယ်အတွင်း အလည်အပတ်ရောက်လာသည့် နိုင်ငံခြားသားများအနေဖြင့် အစိုးရမှ သတ်မှတ်ပေးသည့်နေရာများတွင် သာ တည်းခိုရန်လိုအပ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “ကျွန်တော်တို့ အစိုးရဘက်ကတော့ အတိုင်းအတာတစ်ခုအထိ ခရီးသွားတွေကို အခွင့်အရေးပေးထားတယ်၊ တကယ်တော့ နိူင်ငံခြားခရီးသည်တွေအနေနဲ့ အစိုးရသတ်မှတ်ထားတဲ့ နေရာမှာတည်းဖို့လိုတယ်၊ သူတို့တည်းခိုခန်းတို့မှာ တည်းတယ်ဆိုတာကတော့ နားလည်မှုတစ်ခုလောက်ပါပဲ” ဟု ပြောသည်။

နိူင်ငံခြားခရီးသည်များ ချင်းပြည်နယ်အတွင်း အလည်အပတ်သွားရာတွင် တည်းခိုမှုအပိုင်း၌ ကုန်ကျစရိတ် များ၍ အခက်ကြုံနေရကြောင်း ဒေသတွင်း ဧည့်လမ်းညွှန် များထံမှ သိရသည်။

ဧည့်လမ်းညွှန် တစ်ဦးက “အစိုးရဘက် တာဝန်ရှိသူတွေက အရင်ကဆိုရင် တည်းခိုခန်းတွေမှာ တည်းခွင့်ပေးထားတယ်၊ အခုက အဲလိုမတည်းခိုင်းတော့ ခရီးသည်တွေက ချင်းပြည်နယ်ထဲမှာ ပိုနည်းလာတယ်၊ တစ်ချို့တွေက ကမ္ဘာလှည့်ပြီး သူတို့တစ်ယောက်ထဲလာတာရှိတယ်၊ ဟိုတယ်ဈေးကြီးတော့ သူတို့အတွက် အခက်အခဲဖြစ်နေတယ်” ဟု ပြောသည်။

နိူင်ငံခြားခရီးသည်များ နိူင်ငံတော်၏ သတ်မှတ်ချက်နှင့်အညီ တည်းခိုနိုင်ရန် လိုအပ်သည့် ဟိုတယ်၊ မိုတယ်များကို ဆောက်လုပ်လျှက်ရှိကြောင်း ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာန ထံမှသိရသည်။

ချင်းပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်/မှူး ဦး အောင်ဖြိုးက “ကျွန်တော်တို့အနေနဲ့ ချင်းပြည်နယ် အစိုးရကနေ ဟိုတယ်၊ မိုတယ်တွေ နိူင်ငံခြားခရီးသည်တွေတည်းဖို့ လုပ်ပေးတာရှိတယ်၊ အခုဟာက တည်းခိုခန်းမှာတည်းတယ် ဆိုတာတောင် မသိလိုက်ရဘူး၊ ဖြစ်လည်းမဖြစ်သင့်ဘူး၊ အစိုးရသတ်မှတ်ပေးတဲ့ နေရာမှာ တည်းဖို့လိုတယ်” ဟု ပြောသည်။

သူကဆက်ပြီး နိုင်ငံခြားခရီးသည်များအနေဖြင့် ငွေကြေးတတ်နိုင်၍ ခရီးသွားလာနိုင်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသို့ရောက်ရှိလာသည့် အချိန်တွင် ဈေးနှုန်းချိုသာစွာဖြင့် တည်းခိုချင်နေကြကြောင်း၊ ဧည့်လမ်းညွှန်များအနေဖြင့်လည်း မိမိဒေသ၏ တောတောင်ရေမြေအလှများအပေါ် အကျိုးအမြတ်ယူချင်နေကြသည့် သဘောဖြစ်နေကြောင်း၊ ခရီးသွားများအနေဖြင့်လည်း အခြားပြည်နယ်များသို့သွားရောက်လည်ပတ်သည့်အချိန်တွင် ငွေကြေးသုံးစွဲမှုများပြားသော်လည်း မိမိတို့ပြည်နယ်သို့လာရောက်လည်ပတ်ချိန်တွင် ငွေကြေးအကုန်ကျမခံချင်သည့် သဘောဖြစ်နေသည်ဟု ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...