သွေဖီသည့် နိုင်ငံရေးကတိကဝတ်အား ဗိုလ်ချုပ်ရုပ်ထုဖြင့် အစားထိုး ကြိုးပမ်းမှု

သွေဖီသည့် နိုင်ငံရေးကတိကဝတ်အား ဗိုလ်ချုပ်ရုပ်ထုဖြင့် အစားထိုး ကြိုးပမ်းမှု
by -
ဆလိုင်းဆန်နှင်းလျန်

နှစ်ပေါင်း ၇၀ ကြာ ပဋိပက္ခတွေနဲ့ ပြည်နှက်နေတဲ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့အတူ ပြောင်းလဲမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်ဖို့ကတော့ အားလုံးရဲ့ လိုလားချက်ပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ပြည်ခိုင်းဖြိုးပါတီ သက်တမ်းကနေ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရကတစ်ဆင့် ပြုပြင်ပြောင်းလဲရေး အသီးအ ပွင့်မြင်တွေ့နိုင်မယ်လို့ မြန်မာပြည်လူထုက မျှော်လင့်နေခဲ့ တာဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ နှစ်ပေါင်း ၇၀ ကြာ စောင်းဆိုင်းခဲ့ရတဲ့ အထူးသဖြင့် ၁၉၈၈ အရေးခင်း နောက်ပိုင်း ပိုမိုတောင့်တရတဲ့ အပြောင်းအလဲဖြစ် ပဲဖြစ်ပါတယ်။ ဒီအပြောင်းအလဲအတွက် ထင်သာမြင်သာရှိတဲ့ ဦးဆောင်သူတွေကတော့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နဲ့ ကျောင်းသားခေါင်းဆောင်တွေပဲဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လွတ်လပ်ရေးဖခင်လို့ လူမျိုးကြီးတွေ သမုတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးက ဦးဆောင်နေတာဖြစ်ပါတယ်။ ဒီအစုအဖွဲ့က နှစ်ပေါင်း ဆယ်စုနှစ်တွေကြာပြီးနောက် ၂၀၁၅ ခုနှစ်ကနေစပြီး နိုင်ငံရဲ့ အစိုးရတာဝန်ကို လွှဲပြောင်း ရယူခဲ့ပါတယ်။ အစိုးရတာဝန်ယူလာပြီးနောက်မှာတော့ လူထုအနေနဲ့ ဒီအစိုးရ အပေါ်မျှော်လင့် ချက်အများကြီး ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အစိုးရသက်တမ်းတစ်ခု မကုန်ဆုံးခင်မှာ ဖွံ့ဖြိုးရေးပိုင်း မဟုတ်ပဲ အမှားအယွင်းလေးတွေ ပိုပိုများလာနေ တာတွေ့ရမှာဖြစ်ပါတယ်။ အဲဒီထဲမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ဖို့ဆောင်ရွက်နေတဲ့အကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်လာပါတယ်။

အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်တယ်ဆိုတဲ့ ပင်လုံစာချုပ်သဘောတူညီချက် ရေးထိုးနိုင်ခဲ့တဲ့ ညီလာခံဟာ ဗိုလ်ချုပ်တစ်ဦးတစ်ယောက်ရဲ့ ဦးဆောင်မှု တစ်ခုတည်းနဲ့ ဖြစ်မြောက်လာတာမဟုတ်ဘူးဆိုတာ သမိုင်းမှန်ကို ဖတ်ရှုခွင့်ရသူတွေကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ယခင်က ဗမာလူမျိုးများရေးခဲ့တဲ့ ဗမာဘုရင်တွေ စစ်နိုင်တဲ့သမိုင်းကြောင်း နဲ့ အုပ်ချုပ်မှုတွေကိုပဲ သိရှိနိုင်အောင် ရေးသားတဲ့ စာအုပ်ကိုပဲ ဖတ်ဖူးတယ်ဆိုရင်တော့ အမြင်တစ်မျိုးရှိကောင်းရှိပါလိမ့်မယ်။ မြန်မာနိုင်ငံလွတ် လပ်ရေးရနိုင်ဖို့ အောင်ဆန်းနဲ့အတူ ရဲဘော်သုံးကျိပ်တို့ရဲ့ စွမ်းဆောင်မှုဖြစ်တယ် စတဲ့ သမိုင်းတွေဟာလည်း အပြည့်အ၀ မှန်ကန်တဲ့သမိုင်းကြောင်းတွေ ဟုတ်မနေပါဘူး။ ဒါပေမယ့် သမိုင်းကတော့ အနိုင်ရရှိသူက ရေးတယ်ဆိုတဲ့ ဆိုရိုးနဲ့ ကိုယ့်လိုရာဆွဲရေးသားကြတဲ့ သဘောဖြစ်ပါတယ်။ တကယ်မှာတော့ ၁၉၄၅ - ၁၉၄၈ ဝန်းကျင်ကနေ ၁၉၅၀ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံများရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်ပြီးလို့ ကုလသမဂ္ဂ ရုံးပေါ်ပေါက်လာပြီး ခေတ်စနစ်ရဲ့ရေစီးကြောင်းအရ မြန်မာနိုင်ငံလွတ်လပ်ရေးရ လာတာဟာလည်း ထည့်သွင်းမစဉ်းစားလို့ မရတဲ့ အရာဖြစ်တယ်။ အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ကပဲ လွတ်လပ်ရေးယူပေးတယ်ဆိုတဲ့ သမိုင်းတစ်ခုတည်းအနေနဲ့တော့ ပြီးပြည့်စုံတဲ့အရာမဟုတ်ပါဘူး။ ဒါကို ကျောင်းပညာရေးမှာ သမိုင်းအမှားတွေကို သင်ကြားခဲ့ရတယ်။ အနိုင်ရသူက သမိုင်းကြောင်းကို ရေးတယ်ဆိုတဲ့ အချက်ကို ပြည့်စုံစေခဲ့ကြပါတယ်။

လွတ်လပ်ရေးရဖို့ ပင်လုံစာချုပ်ချုပ်ဟာ မပြည့်စုံရုံမကပဲ ခွဲခြားမှုများစွာနဲ့ အုပ်ချုပ်မှုခံကြရ တယ်။ လှည့်စားခံခဲ့ကြရတယ်။ ဒါကို ကိုယ့်ဟာကိုယ်မသိနိုင်အောင်လည်း ပညာရေးစနစ်နဲ့ အမှောင်ချထားကြတယ်။ ဒီနေရာမှာ စိတ်နာစရာတစ်ခုက “ ကိုယ့်သမိုင်းမှန်ကိုမသိခြင်း” ပဲဖြစ်ပါတယ်။ အမှန်ဆိုရင် ချင်းလူမျိုးများမှာ ကိုယ့်ကိုကိုယ်မသိတဲ့သူ များနေတယ်ဆိုတာကို သိရှိမနေကြသူတွေအများကြီးရှိနေပါတယ်။ ကိုယ့်ကိုကိုယ်မသိတဲ့အပြင် အချင်းချင်းကြားမှာ သွေးခွဲတာ၊ ဘာကောင်းကျိုးမှမရှိမယ့် ရုပ်ထုကို အတင်းလာထိုးကျွေးတာခံနေရတယ်။ ကျပ်သိန်း ၁၀၀၊ ၂၀၀၊ ၃၀၀ ကုန်ကျခံပြီး ထုလုပ်တဲ့ ရုပ်ထုထက်စာရင် ကျောင်း တစ်ဆောင်ဆောက်ရင် ပိုမကောင်းဘူးလား၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကူညီထောက်ပံ့မှုလည်း ဆောင်ရွက်လို့ရပါတယ်။ လက်ရှိ ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ စိတ်သဘောကျအတိုင်း ပြုမူနေတာမျိုးဟာ နိုင်ငံရေးအရဖြစ်ဖြစ် ခံပြင်းစရာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရောက်တိုင်း ပြည်ထောင်စုနေ့ဆိုပြီး ကျင်းပကြတယ်။ ဒါပေမယ့် ချင်းလူမျိုးအများစုက အဲဒီနေ့ရဲ့ အဓိပ္ပါယ်ကို အသေအချာ မသိကြဘူး။ လိုရင်းတိုရှင်းပြောရရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်တည်ထောင်ဖို့ ပြည်ထောင်တွေစုတဲ့နေ့ဖြစ်တယ်။ ဒီနိုင်ငံကြီးတည်ထောင်ရာမှာ ကျွန်တော်တို့လည်း ပါဝင်နေတာဖြစ်တယ်။ ဒါကို ကျွန်တော်တို့တွေ နားလည်ဖို့လည်းလိုပါတယ်။ ၁၉၄၀- ၅၀၀န်းကျင် ကမ္ဘာကြီးရဲ့ အခြေအနေအရ ကုလသမဂ္ဂက ဗြိတိသျှနဲ့ အနောက်နိုင်ငံတွေ အုပ်ချုပ်တဲ့ အာရှနိုင်ငံတွေနဲ့ အာဖရိဂ နိုင်ငံတွေကို လွတ်လပ်ရေးပေးပြီး ကိုယ့်နိုင်ငံကိုယ့်ဟာ ကိုယ်အုပ်ချုပ်စေဖို့ သဘောတူညီမှုရှိခဲ့တယ်။ ကိုယ့်ဟာကိုယ် မအုပ်ချုပ်နိုင်သေးတဲ့ နိုင်ငံတွေကို ကုလသမဂ္ဂ လက်အောက်မှာထားပြီး အုပ်ချုပ်ရေးပညာသင်ကြားစေပြီးနောက် လွတ်လပ်ရေးပေးဖို့ဆိုတဲ့အချက်ရှိခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ တာကြောင့် အဲဒီ အခွင့်အရေးကောင်းတစ်ရပ် ဆုံးရှုံးခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။

အဲဒီအခြေအနေထက် ပိုပြီးဆိုးရွားတာကတော့ ၁၉၄၇ ခုနှစ်မှာ ပြည်ထောင်စုတည်ထောင်သူ အဖြစ်ပါဝင်ဖို့ လက်မှတ်ရေးထိုးမှုက လက်တွေ့မှာ မထမြောက်လာရုံမက လက်ရှိမှာတော့ ကတိကဝတ်ကနေ ရုပ်တုအဖြစ် ပြောင်းလာခဲ့ပါပြီ။ အထူးသဖြင့် တောင်ပေါ်တိုင်းရင်း သားဒေသ တွေမှာ ပြသနာအဖြစ် ဖြစ်ပေါ်လာတယ်။ မကြာသေးခင်မှာလည်း ထန်တလန်မြို့မှာ ပြသနာပေါ်ပေါက်တဲ့အတွက် အောင်ဆန်းရုပ်တုထားဖို့ ပြန်လည်ရုတ်သိမ်းခဲ့တယ်။ အခုတော့ ဟားခါးမြို့ကို ပြန်ရောက်လို့လာပါပြီ။

ချင်းပြည်နယ်ဖက်ကို ရုပ်ထုစိုက်ဖို့မဖြစ်ခင်ကတည်းက တစ်ခြားတောင်ပေါ် တိုင်းရင်းသားဒေသ တွေမှာတော့ ပြသနာတွေ ထပ်တလဲလဲဖြစ်ပေါ်နေခဲ့ပြီးဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူဖို့လုပ်ဆောင်ခဲ့ကြပေမယ့် ကျောင်းသားလူငယ်အပါအဝင်၊ ဒေသခံပြည်သူတွေက ကန့်ကွက်ဆန္ဒပြခဲ့လို့ အဲန်အယ်ဒီအစိုးရက အဲလူတွေကို အချုပ်ချလိုက်တဲ့ ဦးရေဟာလည်း မနည်းလှပါဘူး။ ကရင်နီ(ခေါ်) ကယားတိုင်းရင်းသားတွေဟာ ၁၉၄၇ မှာ ပင်လုံညီလာခံတက် ရောက်ခဲ့ပေမယ့်လည်း လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။

အောင်ဆန်းရုပ်တုကို ဘာကြောင့် မကြိုက်ကြရတာလဲ? အချက် ငါး ချက်ရှိပါတယ်။ ဒါပေမယ့် အချက်တစ်ခုနှစ်ခုလောက်ပဲ ဖော်ပြပါမယ်။ ကရင်နီ(ခေါ်) ကယားတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းနဲ့ ဗမာလူမျိုးတွေရဲ့ သမိုင်းကြောင်းဟာ မတူပါဘူး။ အဲဒီအပြင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်း အဆင်ချောနေတာမဟုတ်ဘူး။ ဒါကြောင့် ဗမာလူမျိုးကြီးဝါဒ ဆန်တဲ့ လုပ်ဆောင်ချက်မျိုးမကြိုက်ဘူးလို့ သူတို့ကပြောပါတယ်။ ပြီးနောက် ပြည်ထောင်စု တည်ဆောက်တဲ့အချိန်မှာလည်း သဘောတူညီတဲ့အချက်တွေအပြင် လက်ရှိ ကရင်နီလူမျိုးတွေလိုချင်တဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ လွတ်လပ်စွာ ပြည်ထောင်စုကနေ ခွဲထွက်နိုင်ရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်တွေမရှိသေးဘူးလို့ ထောက်ပြကြတာဖြစ်ပါတယ်။

အပေါ်ကပြောထားသလိုပဲ ကရင်နီပြည်နယ်မှာ နေထိုင်နေကြတဲ့ လူငယ်အဖွဲ့အစည်း၊ တောင်သူအဖွဲ့အစည်း၊ ကျောင်းသားအဖွဲ့အစည်း စတဲ့အဖွဲ့တွေက ၂၀၂၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြည်နယ်အစိုးရကို ဆန္ဒကို စာနဲ့ရေးသားပေးပို့ခဲ့တယ်။ အစိုးရကလည်း ခေါင်းဆောင်တွေကို ဖမ်းဖို့ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့တယ်။

၂၀၁၇ ခုနှစ်မှာလည်း ပြည်ထောင်စုအစိုးရက မွန်ပြည်နယ်မှာရှိတဲ့ တံတားကို အောင်ဆန်း နာမည်ပေးဖို့ ဆောင်ရွက်လာတဲ့အတွက် ပြသနာအကြီးအကျယ် တက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အစိုးရကတော့ အတင်းအဓမ္မပဲ အကောင်အထည်ဖော်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာလည်း မြို့တော်ရဲ့အလယ်တည့်တည့်မှာ အောင်ဆန်းရုထုကို အစိုးရက ကိုယ့်သဘောနဲ့ဆောက်ခဲ့ပါတယ်။ လူထုအနေနဲ့ အစိုးရရဲ့လုပ်ငန်းအကောင်အထည် ဖော်ပြီးနောက် ရုပ်ထုကိုတွေ့မြင်တဲ့အချိန်မှာတော့ လုံးဝကို သဘောတူထောက်ခံမှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ဘာမှလုပ်လို့ရတဲ့အခြေအနေမဟုတ်တော့ပါဘူး။

အခုလည်း အဲန်အယ်ဒီပါတီရဲ့ ဗဟိုဖက်ကနေ ညွှန်ကြားတာဖြစ်နေပါလိမ့်မယ်။ အဲန်အယ်ဒီ ပြည်နယ်အစိုးရက ထန်တလန်မြို့မှာ ဗိုလ်ချုပ်ရုပ်ထုစိုက်ထူဖို့ ဆောင်ရွက်လာချိန် ဒေသခံလူထုရဲ့ ကန့်ကွက်မှုကြောင့် အထမမြောက်ခဲ့ပေမယ့် အခုဟားခါးမှာ စိုက်ထူဖို့ တစ်ကျော့ပြန်ရောက်လာပါတယ်။ ရုပ်ထုကို စိုက်ထူဖို့မစိုက်ထူဖို့မပြောခင် ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားဒေသတွေမှာ အလေးစားခံအနေနဲ့ ရုပ်ထုတွေစိုက်ဖို့ လုပ်လာရသလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ အမှန်ဆိုရင် မြန်မာပြည်လွတ်လပ်ရေးရတာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့မဟုတ်ဘူးလို့ ပြောရင် မှားမယ်မထင်ဘူး။ အပေါ်ကပြောထားသလို ကမ္ဘာကြီးရဲ့ခေတ်အခြေအနေ အပြောင်းအလဲနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါဟာ ငြင်းဆန်လို့မရတဲ့ ကမ္ဘာ့သမိုင်းလည်းဖြစ်ပါတယ်။ အမှန်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက တောင်ပေါ်တိုင်းရင်းသားတွေဆီက သဘောထားမယူပဲ လန်ဒန်မြို့ကိုရောက်ရှိတဲ့အချိန်မှာ တောင်ပေါ်မြေပြန့်မခွဲ လွတ်လပ်ရေးရဖို့ ပြောဆိုတာတွေကြောင့် အရှက်တကွဲဖြစ်ပြီးနောက်မှာ ပင်လုံကတိကဝတက်ကိစ္စဆိုတာ ဖြစ်ပေါ်လာ တာဖြစ်ပါတယ်။ ပင်လုံကတိကဝတ်ဖြစ်လာနိုင်တာနဲ့ ပြည်ထောင်စုနိုင်ငံဖြစ် လာနိုင်တာ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းကြောင့်မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ဗြိတိသျှက လွတ်လပ်ရေးပေးတာကလည်း အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်နဲ့အတူ တော်လှန်မှုကို မခံနိုင်လို့ ပေးတာလည်းမဟုတ်ပါဘူး။ ဒါသမိုင်းအမှန်ဖြစ် ပါတယ်။ ဗမာနဲ့အတူ အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခဲ့တာ ချင်းလူမျိုးပါဝင်ခြင်းလည်းမရှိပါဘူး။ ကိုယ့်အရပ်မှာ ကိုယ့်တူးကိုယ်ချွန်နဲ့ အင်္ဂလိပ်တွေကို တိုက်ခဲ့တဲ့ ချင်းလူမျိုးတွေဖြစ်တယ်။ ဒီသမိုင်းကိုလျစ်လျူရှု၊ ချင်းဘိုးဘွားတွေရဲ့သမိုင်း၊ တိုင်းပြည်ကာကွယ်ခဲ့မှုတွေကို လျစ်လျူရှုပြီး သမိုင်းအမှားတွေ အသင်ကြားခံခဲ့ရတယ်။ အခုအခါမှာတော့ နှစ်ပေါင်း (၇၀) လုံးလုံး ကိုယ့်မှာရှိထားတဲ့ ကျဉ်းမြောင်းတဲ့လွတ်လပ်မှုကို အသုံးချပြီး ပြောဆိုချိန်ကျနေပါပြီ။

ဒါကို ချင်းအမျိုးသားတပ်ဦး/တပ်မတော်အနေနဲ့လည်း သိဖို့လိုပါတယ်။ သူတို့ရဲ့အသံထွက်ဖို့ လိုပါတယ်။ ချင်းအမျိုးသားများအတွက် အသက်ပေးခဲ့တဲ့ သူတွေအတွက် အောက်မေ့ဖွယ် သဂြိုင်းလုပ်ဖို့ တောင်းဆိုတာကို မပေးပဲ ပြည်နယ်အစိုးရအနေနဲ့ အထက်ရဲ့အလိုကျ ဘာမဆိုလုပ်ဆောင် နေတာကလည်း ခံပြင်းစရာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုတည်ဆောက်သလဲ၊ ဘယ်လိုရပ်တည်နေကြသလဲဆိုတာကို လေ့လာ သိရှိနိုင်ဖို့ဟားလည်းအရေးကြီးပါတယ်။ နိုင်ငံသေးပေမယ့် အားကိုးထိုက်၊ အတုယူထိုက်တဲ့ နိုင်ငံတွေအများကြီးပါပဲ။ ဗမာလူမျိုးကိုပဲ အားကိုးပြီး နေပြည်တော်၊ ရန်ကုန်ကိုချည်း အားကိုးပြီး အလုပ်လုပ်တာ အသုံးမကျတဲ့ တွေးခေါ်မှုဖြစ်တယ်။ ၁၈၉၉ မတိုင်ခင်ဖြစ်ဖြစ်၊ ၁၉၄၈ မတိုင်ခင်ဖြစ်ဖြစ် ဗမာနဲ့အတူ ကျွန်တော်တို့အတူနေဖူးတာမဟုတ်ပါ။ ကိုယ့်ကြမ္မာနဲ့ ကိုယ်နေတဲ့ လူမျိုးဖြစ်တယ်။ အခုခေတ်ခါမှ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး မရပ်တည်နိုင်တာမဟုတ်ပါဘူး။ ဘိုးဘွားစဉ်ဆက် ရှင်သန်နေထိုင်လာနိုင်တာဖြစ်ပါတယ်။ ကိုလိုနီဗြိတိသျှခေတ်ခါမှာတုန်းကလဲ အလွယ်တကူ အရှုံးမပေးခဲ့ဘူး။ ကိုယ့်မြေကိုကာကွယ်ခဲ့ကြတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှု သမိုင်းကြောင်းဆိုတာ မမေ့သင့်တဲ့အရာပါ။

အခုလက်ရှိမှာ ပြည်နယ်အစိုးရအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို ဟားခါးမှာ စိုက်ထူနိုင်ဖို့ ဆောင်ရွက်နေတာတွေရှိလာပါတယ်။ အောင်ဆန်းရုပ်ထုကို တိုက်ခိုက်ဖို့ ချည်းလည်းမဟုတ်သလို လိုအပ်တာလည်း ဟုတ်ချင်မှဟုတ်မှာပါ။ ရုပ်ထုဟာ အသက်မရှိ တာဖြစ်လို့ ဘာလို့ကျွန်တော်တို့ ဒါကို တွန်းလှန်နေမှာလဲဆိုပြီး အငြင်းပွားစရာရှိကောင်းရှိပါမယ်။ ဒါပေမယ့် သမိုင်းကြောင်းတွေကို အမြဲပြန်ကြည့်ဖို့လိုပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရ ခေတ်ခါတုန်းက ကျွန်တော်တို့ပြည်နယ်မှာ အလေးထားတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရစ်ယာန်တွေအတွက် အထွက်အမြတ်ထားတဲ့ လက်ဝါးကပ်တိုင်စိုက်ထူတဲ့နေရာတွေကို ဖျက်စီးပြီး စေတီနဲ့ ဗမာတွေရဲ့ကိုးကွယ်ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ ရုပ်ထုတွေကို စိုက်ထူခဲ့ကြတယ်။ ဒီလိုဖြစ်တာဟာ နှစ်ပေါင်း ၇၀ လောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ဗမာလူဦးရေ ထောင်ဂဏန်းတောင်မပြည့်တဲ့ ဟားခါးမြို့ပေါ်မှာ အစိုးရရဲ့ အသိအမှတ်ပြုမှုနဲ့ လိုင်စင်အပြည့်အစုံနဲ့အတူ နေရာကောင်းတွေ ယူခဲ့ကြလို့ နေရာကောင်းအများကြီး ပိုင်ဆိုင်ထားကြတယ်။ အဲကနေမှတစ်ဆင့် ဗမာလူမျိုးတွေရဲ့ လူမျိုးကြီး ဝါဒနဲ့ အုပ်ချုပ်နေတယ်ဆိုတာပြဖို့ ရုပ်ထုတွေနဲ့ဆက်လုပ်လာကြတယ်။ ရုပ်ထုက ပြသနာကို ဖန်တီးမှာမဟုတ်သလို ကောင်းကျိုးလည်း ဖန်တီးမှာမဟုတ်ဘူး။ ကုန်ကျတဲ့ ငွေကြေးက ဒီအတိုင်း ကုန်သွားပြီး ရုပ်ထုစိုက်ထူနိုင်ဖို့ တာဝန်ယူတွေအနေနဲ့ အထက်ရဲ့ အလိုကျလုပ်ဆောင်ရုံသက်သက်ဖြစ်တယ်ဆိုတာ သမိုင်းတွင်သွားပါလိမ့်မယ်။

ဒါကြောင့် အထက်က ကိစ္စရပ်တွေထက်စာရင် ပိုအရေးကြီးတဲ့ ဟားခါးမြို့ပေါ်မှာ အစိုးရရဲ့ အသိအမှတ်မပြုပဲ တည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေ၊ ချင်းပြည်နယ်အတွင်း တည်ဆောက်ထားတဲ့ ဘုရားကျောင်းတွေ၊ ခရစ်ယာန်ဘာသာရေးနဲ့သက်ဆိုင်တဲ့ နယ်မြေတွေကို တရားဝင်အသိအမှတ်ပြုတဲ့ လိုင်စင်တွေ ထုတ်ပေးနိုင်ဖို့ ပြည်နယ်အစိုးရအနေနဲ့ ကြိုးစားသင့် တယ်လို့ ယူဆပါတယ်။ အခုဆိုရင် ချင်းပြည်နယ်တွင်းက ခရစ်ယာန် ဘုရားကျောင်းအားလုံးဟာ အစိုးရရဲ့ ခေတ်အဆက်ဆက် အသိအမှတ်ပြုတဲ့ လိုင်စင်ရမနေကြပါဘူး။ ပုဂ္ဂလိကနာမည်နဲ့ အစိုးရဆီ တစ်ဖက်လှည့်ပြီး လိုင်စင်တွေကို ဆောင်ရွက်ကြရတယ်။ ချင်းပြည်နယ်မှာ အစိုးရရဲ့ အသိအမှတ်ပြုမှုနဲ့ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့်ရှိတဲ့ သိက္ခာတော်ရတွေလည်း မရှိသ လောက်ဖြစ်နေပြီ။ ဒါဟာ အစိုးရကပဲ သိရမယ့်ကိစ္စမဟုတ်ပဲ သင်းအုပ်ဆရာတွေနဲ့ ဘာသာရေးလုပ်ငန်းဆောင်ရွက်နေသူတွေကလည်း သိရမယ့် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် မရှိပဲ အစိုးရရဲ့ လုယူခြင်းခံရတယ်ဆိုတာ သိရမယ့် အရာဖြစ်ပါတယ်။

ဒါတွေဟာ ကျွန်တော်တို့အတွက် ပိုပြီးလိုအပ်နေတဲ့အရာတွေလို့ ထင်ပါတယ်။ တစ်ခြားလို အပ်ချက်တွေကို ခနခေါက်ထားကြည့်ပြီး ရုပ်ထုအတွက် ရထားတဲ့ရန်ပုံငွေအလှူကိစ္စ ဆောင်ရွက်နေမှုတွေထက်စာရင် ပြည်နယ်အတွက် ပညာရေးပိုကောင်းလာဖို့ ကျောင်းစာသင် ကျောင်းဖွင့်ပြီး ဆရာဆရာမတွေကို ဖြည့်စွက်ပေးခြင်းမျိုးက ပိုလိုအပ်နေတာဖြစ်ပါတယ်။ အခု အောင်ဆန်းရုပ်ထုထက်စာရင် ပလက်ဝမြို့နယ်တွင်းက ကျောင်းပေါင်း ၁၁၈ ပြန်ဖွင့်နိုင်ဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပိုပြီးဆောင်ရွက်သင့်တဲ့အရာဖြစ်ပါတယ်။ စစ်ဘေးရှောင် တွေဟာလည်း ၃၆၀၀ ဝန်းကျင်ရှိနေတယ်။ ဒါတွေကို ပိုပြီးထည့်သွင်းစဉ်းစားသင့်တယ် လို့ထင်တယ်။ တစ်ခြား စဉ်းစားစရာတွေလည်း အများကြီးရှိနေပါသေးတယ်။

အောင်ဆန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သယောင်ယောင် မဲဆန္ဒရှင်တွေကို လိမ်ညာဖို့အတွက် သူ့သမီးနဲ့အတူ ရုပ်ပုံ၊ ပိုစတာ၊ ဗီနိုင်းတွေ လုပ်တာဟာလည်း မဖြစ်သင့်တဲ့ အရာဖြစ်ပါတယ်။ အမှန်ဆိုရင် အောင်ဆန်းဟာ စစ်သား၊ လက်ရှိအများစု မုန်းတီးနေတဲ့ စစ်တပ်ကို တည်ထောင်သူသာဖြစ်ပါတယ်။ ဒါကြောင့် လူအများအတွက် အကျိုးရှိမယ့်အရာကို ပိုစဉ်းစားသင့်ပါတယ်။ အခုပြည်ထောင်တွေ ပေါင်းထားတဲ့ ၁၉၄၇ ခုနှစ်က သဘောတူညီမှုတွေ၊ ကျွန်တော်တို့ရဲ့ ကြမ္မာဖန်တီးခွင့်နဲ့ တန်းတူအခွင့်အရေးတွေရမနေသေးပါဘူး။ ကတိကဝတ်တွေတောင် မဖြစ်မြောက်လာပဲ ရုပ်ထုကြီးသက်သက် စိုက်ထူဖို့ဆိုတာ လိုအပ်နေတဲ့အနေအထားမဟုတ်ပါဘူး။ ဒါကို အများကလည်း နားလည်ထားတဲ့အရာပါ။ ဒါကြောင့် မီးခိုးလို ယောင်ဝါးဝါးလည်နေတဲ့ နိုင်ငံရေး၊ အထက်အလိုကျဆောင်ရွက်ရတဲ့ နိုင်ငံရေးစနစ်၊ သွေးထိုးမြှောက်ပင့်တဲ့နိုင်ငံရေးလိုမျိုးတွေကို လုပ်ဆောင်နေဖို့ မဟုတ်လေပါဘူး။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...