ကန်ပက်လက်မြို့နယ်အတွင်း ရိုးရာဓားပလိုင်း ကိုင်ဆောင်သူများ အရေးယူမည့် ဥပဒေ ဒေသခံအများစုမှ ထောက်ခံ

ကန်ပက်လက်မြို့နယ်အတွင်း ရိုးရာဓားပလိုင်း ကိုင်ဆောင်သူများ အရေးယူမည့် ဥပဒေ ဒေသခံအများစုမှ ထောက်ခံ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ရိုးရာ ဓားပလိုင်း နဲ့ လက်နက်ကိုင်ဆောင်သူများကို တရားဥပဒေအရ အရေးယူမည့် ဥပဒေကို ဒေသခံအများစုမှ ထောက်ခံကြကြောင်း သိရသည်။

ကန်ပက်လက်အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဦးမနားရှိန်းက “ထွေအုပ်နဲ့ စည်ပင်တွေဖက်ကနေ ပြီးခဲ့တဲ့အပတ်က လက်နက် ကိုင်ဆောင်မှု ပညာပေး ပိုစတာစိုက်ထူတဲ့ အခမ်းအနားတွေကိုလည်း လုပ်တယ် ။ ဒေသခံလူအများစုကတော့ ဒီလို ဥပဒေနဲ့အညီ စည်းကမ်းရှိစေချင်လို့ လုပ်တာကို သဘောတူကျတယ် အချို့လူနည်းစုကတော့ ကိုယ့်ရိုးရာဓလေ့ဘဲ ဆိုပြီးတော့ ပြောတာတွေလည်းရှိတယ်”ဟုပြောသည်။

ကန်ပက်လက်မြို့နယ်အတွင်း ဓားထိုးမှု၊ သေနတ်ပစ်မှုနှုန်း မြှင့်တတ်လာသောကြောင့် ရိုးရာဓားပလိုင်း၊ လှံ၊ သေနတ်၊ လေးမြှား စသည့် လက်နက် ကိုင်ဆောင်သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ကန်ပက်လက် ဒေသခံ ဦးမနားရှိန်းက“ဓားထိုးမှုတွေများလွန်းလို့ မနှစ်ကဆိုရင် ဓားထိုးမှု (၈)မှုဖြစ်နေတယ် သေနတ်ပစ်မှုက တစ်နှစ်ကို နှစ်ခါလောက်ဖြစ်နေတာ ဆိုတော့ ဒါတွေကို လေးငါးနှစ်လောက် သုတေသန လုပ်ကြပြီး စည်ပင်နဲ့ခရိုင်ဖက်ကနေ အခုလို ပိတ်ပင်လိုက်ရတယ်လို့လည်း သိရတယ်”ဟုပြောသည်။

ကန်ပက်လက်မြို့နယ်အတွင်းတွင် ပညာပေးကာလအနေဖြင့် တစ်လအတွင်းသာ ပညာပေးကာလ အဖြစ်သတ်မှတ်ထားပြီး ပညာပေးကာလ ကုန်ဆုံးပါက စည်းကမ်းမဲ့ ရိုးရာဓားပလိုင်း၊ လှံ၊ သေနက်၊ လေးမြှား စသည့် လက်နက် ကိုင်ဆောင်သူများကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်များတွင်သာ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ကန်ပက်လက်မြို့ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးရုံအုပ် ဒေါက်တာပေါင်ရှင်းလျန်က ” ပွဲညတွေနဲ့ ရွာတွေမှာ ရန်ဖြစ်ပြီး ဓားနဲ့ထိုးမှုကြောင့် ဆေးရုံရောက်လာပြီး အသက်ဆုံးရှုံးရတာတွေများတယ်။ ရိုးရာဆိုပေမယ့် မြို့တွေမှာဖြစ်တဲ့ ဌာနဆိုင်ရာတွေမှာ အဲဒါမျိုးလွယ်စရာလိုသလားပေါ့။ အလုပ်လုပ်ဖို့ တောမှာသွားတာမျိုးဆိုရင် ဓားပလိုင်းလွယ်ခွင့်ဆိုရင်တော့ တစ်မျိုးပေါ့။ မြို့ပေါ်မှာလွယ်နေဖို့ကမလိုဘူးလေ။ ဓားလွယ်ထားကြတော့ ဘေးကလူတွေကြောက်ရတာပေါ့။ ဆေးရုံမှာဆိုခနခန ကြုံရတယ်။ ဆေးရုံမှာတော့ အမုန်းခံပြီး ပြောနေရတယ်။ အခုစည်းကမ်းထုတ်လာတာလည်း ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်။ ဓားပလိုင်းကိုင်တာက ရိုးရာမဟုတ်ပဲ အကျင့်ပါနေတာလည်း ရှိတာပေါ့” ဟုသုံးသပ်ပြောကြားသည်။

မင်းတပ်မြို့တွင်း တွင်လည်း ရိုးရာဓားပလိုင်း၊ လှံ၊ သေနက်၊ လေးမြှား ကိုင်ဆောင်သွားလာခြင်းကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စည်းကမ်းမဲ့ ကိုင်ဆောင်သွားသူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...