ရပ်ဆိုင်းထားသည့် NLD ပါတီရုံးပြန်လည်တည်ဆောက်မှု နိုင်ငံတော်အတိုင်ပင်ခံထံ စာပေးပို့သွားမည်

ရပ်ဆိုင်းထားသည့် NLD ပါတီရုံးပြန်လည်တည်ဆောက်မှု နိုင်ငံတော်အတိုင်ပင်ခံထံ စာပေးပို့သွားမည်

ရပ်ကွက်နေလူထုမှ စိမ့်စမ်းရေထွက်ရှိသည့် နေရာတွင် မင်းတပ်မြို့ NLD ပါတီရုံး တည်ဆောက်မှုကို ကန့် ကွက်ခဲ့ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းခံထားရသော်လည်း ယခုအခါ တည်ဆောက်မှုလုပ်ငန်း ပြန်လည် စတင် နေပြီဖြစ်သဖြင့် နိုင်ငံတော်အတိုင်ပင်ခံထံ ကန့်ကွက်စာဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ရေစမ်းဦးမှ ထွက်သည့် စမ့်စမ်းရေ ကိုလက်ရှိသွယ်ယူ သုံးစွဲသူဖြစ်သည့် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးနိန်နိုင်း ကပြောသည်။

စည်ပင် ဝန်ကြီးဟောင်း ဦးနိန်နိုင်းက “စည်ပင် EO ပြောတာတော့ သူတို့သုံးကြိမ်ကွင်းဆင်းတဲ့အချိန်မှာ အမှိုက် ပစ်တဲ့နေရာဖြစ်တာကြောင့် စိမ့်စမ်းရေမထွက်ဘူးလို့ပြောတယ်၊ ဒါပေမယ့် ကျတော်တို့သုံးနေတဲ့ဟာက ခုချိန်ထိ ထွက်တာဘဲ၊ ဝန်ကြီးချုပ်ကလည်း ဒီချိန်မိုးရွာတဲ့အတွက် ရေကထွက်မှာဘဲလို့ပြောရှာတယ်၊ အမှန်ကျတော့ လုပ်ထုံးလုပ်နည်းနဲ့မညီဘူး၊ အပေါ်ကနေဖိအားပေးတာ၊ ပါတီကနေပြီးတော့ မဖြစ်ဖြစ်အောင် ဆောက်ဖို့လုပ် တော့ ဌာနဆိုင်ရာတွေကလည်း အာဏာရဲ့သဘောတရားအရ သူတို့ဘက်အကုန်ပါကုန်တယ်၊ ကျတော် တို့အ နေနဲ့တော့ ဘယ်လိုနည်းလမ်းနဲ့ လုပ်မယ်တော့ မသိရသေးပေမယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အထိ ကန့်ကွက်စာတင်သွားမှာပါ”ဟု ပြောသည်။

 လုပ်ငန်းဆိုင်းငံထားရခြင်းမှာ မသမာသူအချို့၏ မတရားတိုင်ကြားမှုကြောင့်သာ လုပ်ငန်းရပ်နားထားရခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် NLD ပါတီဥက္ကဌလည်းဖြစ်၊ လက်ရှိ ချင်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးတိတ်ထန်းကပြောသည်။

ဦးတိတ်ထန်းက “စည်ပင်ကနေ သုံးခေါက်ကွင်းဆင်းပြီးတဲ့နောက်မှာ ကန့်ကွက်တယ်ဆိုတဲ့ ၁၄ဦးမှာ ၁၂ယောက်က မရှိဘူး၊ ၂ဦးကဘဲ စမ်းရေကို သောက်သုံးတာရှိတယ်လို့ပြောတယ်၊ မသမာတဲ့သူတွေကျင့်ကြံတာလို့ဘဲမြင်တယ်၊ အဆောက်အဦးဆောက်ဖို့ မြေတူးတဲ့အခါမှာလည်း ဖိနပ်ဟောင်းတွေထွက်လာတယ်၊ အဲဒီနေရာက အရင်ကအမှိုက်ပုံဟောင်းလို့သိရတယ်၊ ဒီအဆောက်အဦးဆောက်လိုက်ခြင်းအားဖြင့်  ကျတော့်အနေနဲ့ လက်ရှိမှာ ဆက်ဆောက်နေလား မဆောက်လားတော့ မသိပေမယ့်၊ ဆက်လက်တည်ဆောက်သွားဖို့အလားအလာရှိပါတယ်၊ စည်ပင်ကလည်း ရက်အတိအကျမသိပေမယ့် ခွင့်ပြုလိုက်ပြီလို့ကြားတယ်”ဟု ဦးတိတ်ထန်းမှပြောသည်။

မင်းတပ်မြို့နယ် NLD ပါတီရုံးတည်ဆောက်ခြင်းလုပ်ငန်းကို အများပြည်သူအသုံးပြုနေသည့် စိမ့်စမ်းနေရာတွင် တည်ဆောက်နေခြင်းကြောင့်ဟုဆိုကာ ကန့်ကွက်မှုများရှိခဲ့သဖြင့် သြဂုတ်လ (၉)ရက်နေ့တွင် မြို့နယ်စည်ပင်မှ ယာယီရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်လ (၄) ရက်နေ့တွင် ဆက်လက်ဆောက်လုပ်ရန် ခွင့်ပြုချက် ပြန်လည်ထုတ်ထားခြင်းဖြစ်သည်။

NLD ပါတီမှ ပါတီရုံးတည်ဆောက်မည့် မြေနေရာများနှင့်ပတ်သတ်ပြီး ပုံစံ (၁၀၅)ပါ ပိုင်ရှင်ရှိ ပြည်သူပိုင် မြေများကို တန်ရာတန်ကြီးပေးဝယ်ရန် ညွှန်ကြားထားကြောင်း သိရပြီး၊ ယခုမင်းတပ်ရုံး တည်ဆောက်နေသည့် မြေနေရာမှာ ပြည်သူပိုင်နေရာဖြစ်ပြီး စည်ပင်၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း NLD ပါတီက ဆိုထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...