ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံကောလိပ်တစ်ခု စတင်ဖွင့်လှစ်ရန် ဆောင်ရွက်ရာမြေကွက်များလည်းရှိထားပြီးဖြစ်ကာ ဘဏ္ဍာငွေကျပ်သန်း (၃) ထောင်ကျော်လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ကွန်းကပြောသည်။
စက်တင်ဘာလ (၁၃) ရက်နေ့ ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် ဦးနေလင်းအောင်မှ မင်းတပ်မြို့တွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် သို့မဟုတ် ကောလိပ်ကျောင်း(၁) ကျောင်း တည်ဆောက် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ကွန်းမှ ထိုသို့ဖြေကြားခြင်းဖြစ်သည်။
“ချင်းပြည်နယ် မင်းတပ်မြို့တွင် ဝိဇ္ဖာသိပ္ပံကောလိပ်တစ်ခု စတင်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိုပြီးမြေလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအနေဖြင့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပြီးဖြစ်သည့် အတွက် ချင်းပြည်နယ် အစိုးရနှင့် ပေါင်းစပ်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ကွန်းကပြောသည်။
၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ်စာသင်ဆောင်နှစ်လုံး ငွေကျပ် ၁၂၆၄.၆၄၀ သန်း၊ ဆရာဆရာမဆောင် နှစ်ထပ်နှစ်လုံး ကျပ်သန်းပေါင်း ၅၄၇.၂၀ သန်း၊ ခြောက်ခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ နှစ်လုံးငွေကျပ် ၂၄၀ သန်း၊ ကျောင်းသားဦးရေ ၁၀၀ ဦးဆံ့ကျောင်းသားကျောင်းသူအိပ်ဆောင် နှစ်လုံးငွေကျပ် ၁၃၁၂ သန်း၊ ရေ၊မီး၊မြေယာ ပြုပြင်ခြင်းအတွက် ကျပ် ၃၉၀ သန်းလျာထားပြီး စုစုပေါင်း ငွေကျပ် ၃၇၅၃.၈၄ သန်းဖြစ်ကြောင်းသိရသည်။
တက္ကသိုလ် ဆောက်လုပ်ရေးလုပ်ငန်းများသည် စီမံကိန်းနှစ်အရ တစ်ဆင့်ချင်းဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး အမြန်ဆုံးရှေးရှုဆောင်ရွက်ပေးမည်ဖြစ်ကာ ဘဏ္ဍာငွေ ခွင့်ပြုချက်အရ နောက်တစ်ကြိမ် ချင်းပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ကွန်းကပြောသည်။
ဝိဇ္ဖာသိပ္ပံကောလိပ်သည် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့တွင်တည်ဆောက်ဖွင့်လှစ်ထားပြီဖြစ်ပြီး ယခုဖွင့်လှစ်မည့် ဝိဇ္ဇာသိပ္ပံကောလိပ်သည် တောင်ပိုင်းတွင် ပထမဆုံး ဝိဇ္ဇာသိပ္ပံကောလိပ်ဖြစ်မည်ဖြစ်ကြောင်းသိရသည်။







