ဟားခါးမြို့ရှိ ရှုခင်းသာအနား ဆက်သွယ်ရေးပိုင်မြေတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိ ရန်နှင့် ပက်သက်ပြီး ဒေသခံများဖက်မှ ကန့်ကွက်ခြင်းများ မရှိလာနိုင်ကြောင်းလမ်း/ပန်းဝန်ကြီး ဦးရွှေထီးယူ ကပြောသည်။
လမ်း/ပန်းဝန်ကြီး ဦးရွှေထီးယူက “ဗိုလ်ချုပ်ကြေးရုပ်ထားမယ့် မြေနေရာကို ညှိနှိုင်းနေတယ် ရှုခင်းသာနားမှာရှိတဲ့ ဆက်သွယ်ရေးပိုင်မြေမှာ လုပ်ဖို့ ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးအကြား ဆွေးနွေးနေတယ်။ အဆင်ပြေရင် အဲဒီမှာ ထားဖို့ရည်ရွယ်ထားတယ်။ ဗိုလ်ချုပ်ကြေးရုပ်ထားမှာနဲ့ ပက်သက်ပြီး ကန့်ကွက်မဲ့သူ ရှိပုံမပေါ်ပါဘူး။ အရင်တုန်းကလည်း ဒီမှာထားပြီးသားဘဲ။ ထားပြီးသားနေရာက အများမြင်နိုင်တဲ့ နေရာမဟုတ်လို့ အများမြင်နိုင်အောင် ပန်းခြံနဲ့တွဲပြီး ထားဖို့စီစဉ်နေတာဖြစ်တယ်”ဟုပြောသည်။
ဟားခါးမြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုမှာ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါ ကြေးရုပ်ထားရန် စည်ပင်မှ အဓိက တာဝန်ယူဆောင်ရွက်သွားမည့် အပြင် မြို့မိမြို့ဖများလည်း ပါဝင်ကြောင်း လမ်း/ပန်း ဝန်ကြီး ဦးရွှေထီးယူကပြောသည်။
ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တစ်ခုသာ ထားရှိပါက ဒေသခံပြည်သူများမှ ကန့်ကွက် လာနိုင်ကြောင်း ဟားခါးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ Salai Jacob Thangကပြောသည်။
အရပ်ဖက်လူမှုအဖွဲ့အစည်းမှ Salai Jacob Thangက “ချင်းပြည်နယ်အတွက်တော့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ ချင်းအမျိုးသားသုံးဦးဟာ ချင်းပြည်နယ်ရဲ့ လွပ်လပ်ရေးခေါင်းဆောင်ဖြစ်တယ်။ ဒီချင်းအမျိုးသား သုံးဦးရဲ့ ကြေးရုပ်ကိုလည်း ပါစေချင်တယ။် ဒါမှလည်း ဘာပြဿနာမှမရှိဘဲ ကြည်ကြည်ဖြူဖြူနဲ့ ပြည်သူကလက်ခံ နိုင်မယ်လို့ ယုံကြည်တယ်”ဟုပြောသည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ထားရှိရန် စီစဉ်ဆောင်ရွက်မှုရှိခဲ့သော်လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ချင်းအမျိုးသားခေါင်းဆောင်များ၏ ကြေးရုပ်ကိုသာထားရှိပေးရန် ကန့်ကွက်တောင်းဆိုမှုကြောင့် အစီအစဉ်ပျက်ခဲ့သည်။
မြန်မာနိုင်ငံ၏ တိုင်းရင်းသားဒေသအချို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်ထားရှိရန် အစိုးရဖက်မှ စီစဉ်ဆောင်ရွက်မှုရှိခဲ့ခြင်းကြောင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကန့်ကွက်မှုများရှိနေခဲ့သည်။







