ချင်းပြည်နယ် အစိုးရအနေဖြင့် ချင်းပြည်နယ်လွှတ်တော် ရှိမှန်းသိရဲ့လားဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က မေးခွန်းထုတ်လိုက်သည်။
မတူပီလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က “ ၁၇.၂၈ သန်း ဖြည့်စွက်ငွေ ကိစ္စတုန်းကလဲ ပြည်ထောင်စုမှာ စာရင်းပေးဖို့ ထောက်ခံပေးပါဆိုပြီး ပြည်နယ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေ သဘောထားကြီးပေးပါဆိုပြီး လာပြောတယ်။ လာကြည့်ကြပါဦးလို့ ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ့်မဲဆန္ဒနယ်မှာ ဘတ်ဂျက်နည်းနည်း ပိုရလိုက်ရင် အစိုးရကိုအားပေးလိုက်နဲ့ ဒါအမှန်တရားနည်းလမ်းတော့ မဟုတ်ဘူး။ အစိုးရက လွှတ်တော်ကိုယ်စားလှယ်ကို ရှိမှန်းကိုမသိဘူး။ လုပ်ချင်တာကိုလုပ်နေတယ် ။ ဒါတွေကို လွှတ်တော်ဥက္ကဌက ထိန်ကျောင်းနိုင်ဖို့လိုတယ် ကောင်းကောင်းမထိန်းကျောင်း နိုင်ရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်က ချင်းပြည်နယ်မှာ ရှိမှန်းဘယ်လိုအသိအမှတ်ပြုလဲဆိုတာ မေးခွန်းထုတ်ချင်တယ်”ဟုပြောသည်။
ချင်းပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး အတည်ပြုရေးဆွဲပြီးမှသာ လွှတ်တော်မှ သဘောတူရန်ပေးပို့လာကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များမှာလည်း လွှတ်တော်အစည်းအဝေးနီးကပ်မှ ပေးပို့လာသဖြင့် ကြည့်ရှုစစ်ဆေးရန် အချိန်မရသည့်အခြေအနေမျိုးဖြစ်နေကြောင်း ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်းဖြစ်သူမှလည်း ချင်းဝေါလ်အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှ ရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရထံ ပေးပို့ရန် အချိန်အကန့်အသတ်ရှိခြင်းကြောင်း အစိုးရအဖွဲ့မှ အတည်ပြုရေးဆွဲမှုများရှိကြောင်း ချင်းဝေါလ်တွင် ပြောဆိုခဲ့သည်။
လာမည့်ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရန် အကြောင်းအရာ သုံးခုကို မတူပီမဲဆန္ဒနယ်မှ ဦးအောင်လျန်မှ တင်ထားသော်လည်း ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ၏ ဆိုင်းငံ့ခံရသည်။
မတူပီမဲဆန္ဒနယ်မှဦးအောင်လျန်မှတင်သွင်းသည့် အကြောင်းအရာများမှာ ကျေးရွာ(၈)ကျေးရွာ၏ သောက်သုံးရေနှင့် ပတ်သက်သည့်အကြောင်းအရာ၊ ကျေးရွာတစ်ခုနှင့်တစ်ခုအကြား ကားလမ်းမပေါက်သေးဘဲ ကြိုးတံတားများ အသုံးပြုနေရခြင်းနှင့် ပညာရေးအကြောင်းများကို တင်သွင်းခဲ့သော်လည်း လွှတ်တော်ဥက္ကဌမှ အဆိုပါ တင်ထားသော အကြောင်းအရာများကို ဆိုင်းငံ့ပယ်ခဲ့ကြောင်းသိရသည်။
ဦးအောင်လျန်က “ကျွန်တော်လည်း နိုင်ငံခြားရောက်နေတယ်ဆိုတော့ Viber ကနေအကြောင်းကြားတယ် ကျေးရွာ (၈၀)ရွာရဲ့ သောက်သုံးရေအကြောင်းကိုလည်း မေးခွန်းမှာထည့်ထားတယ်။ အကြောင်းအရာက စာမျက်နှာ တစ်မျက်နှာတောင်မပြည့်ဘူး။ နောက်တစ်ခုက ပညာရေးအကြောင်းနဲ့ ပက်သက်ပြီး ကျေးရွာတွေရဲ့ နာမည်တွေ တစ်ခုမှမချန်ဘဲ အားလုံးပေါင်းပြီးမေးလိုက်တော့ သူတို့ရဲ့ဖြေကြားချက်က ခြောက်မိနစ်ထက် ရှည်ကြာမှာဆိုးလို့ဆိုပြီး သူတို့ကအကြောင်းပြတယ်”ဟုပြောသည်။
ချင်းပြည်နယ်လွှတ်တော်ရုံးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းနှင့် အဆိုများကို တာဝန်ယူဆောင်ရွက်သူတစ်ဦးမှ အစိုးရလုပ်ထုံးလုပ်နည်းကဲ့သို့ စာအရေးအသားမချောမွေ့မှုရှိသည့်အပေါ် အကြောင်းပြန်ရန် ဆောင်ရွက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်မှာ နိုင်ငံခြားခရီးစဉ်သွားခြင်းကြောင်း အသေးစိတ် ညှိနှိုင်းမရခြင်းဖြစ်သဖြင့် ဥက္ကဌမှ ဆိုင်းငံ့ရကြောင်း ချင်းဝေါလ်သတင်းဌာနသို့ပြောကြားသည်။







