ကချင်အသင်းတော် ခေါင်းဆောင်ပေါ် တရားစွဲရန် ပြင်ဆင်မှု မြန်မာစစ်တပ် ပြန် ရုတ်သိမ်း

ကချင်အသင်းတော် ခေါင်းဆောင်ပေါ် တရားစွဲရန် ပြင်ဆင်မှု မြန်မာစစ်တပ် ပြန် ရုတ်သိမ်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ Rev. Dr. Hkalam Samson အား ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် တပ်မတော်မှ တရားစွဲဆိုရန် မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားမှု ကို စက်တင်ဘာ (၉)ရက် ယနေ့ ပြန်လည် ရုတ်သိမ်းသွားကြောင်း သိရသည်။

မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က တရားလိုပြုကာ Rev. Dr. Hkalam Samson ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ အရ အရေးယူပေးရန် သြဂုတ်လ (၂၆)ရက်နေ့ ဦးတိုက်လျှောက်ထားခြင်းဖြစ်သည်။

တရားလို ဒုတိယမှူးကြီး သန်းထိုက် က သူ၏ သဘောဆန္ဒအရ တရားစွဲဆိုပေးရန်လျှောက်ထားမှုကို လာရောက်ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ်တရားသူကြီး ဦးသန်းထွန်း က ယခုလိုထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

“ကျနော်တို့ အနေနဲ့ လျှောက်ထားစွဲဆိုထားမှုကို ၂၀၁၉ခုနှစ် ရာဇဝတ်ကြီးမှု အမှတ်(၂၁၈၇) အမှုနဲ့ လက်ခံ စစ်ဆေးထားခြင်းဖြစ်ပါတယ်။ အဲ့ဒါကို ဒီ ယနေ့ (စက်တင်ဘာ ၉) မှာတော့ အမှုလျှောက်ထားသူ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှ အမှုကို ကျေအေးပေးပါရန် ပြန်ပြီးလျှောက်လာတယ်။ ဒါကြောင့် ကျနော်တို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၃၄၅(၁)အရ ကျေအေးပေးပြီး ၃၄၅(၆)အရ စွတ်စွဲခံရသူကို အမှုကနေ ပြီးပြတ်လွတ်ပေးလိုက်တယ်။ တရားလိုဘက်မှ ဆန္ဒအရပါဘဲ” ဟု မြို့နယ်တရားသူကြီး ဦးသန်းထွန်း က ထုတ်ပြန်ပြောဆိုခဲ့သည်။

တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုကို ရုတ်သိမ်းလိုက်သည့်အပေါ် တပ်မတော်နှင့် ပြည်သူကြား ပုံမှန်တရားစွဲဆိုမှုတွေရှိနေသည့်အတွက် တပ်မတော်ဘက်မှ ကောင်းသောဘက်ကို ရည်ရွယ်ပြီး ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု Rev. Dr. Hkalam Samson က သုံးသပ်ပြောဆိုထားသည်။

“ကျနော်တို့ KBC နဲ့က တရားဝင်ဆက်သွယ်ပြီး အပေးအယူလုပ်တာတော့ မရှိဘူး။ အခုလိုရုတ်သိမ်းပေးလိုက်တော့ အပြုသဘောကိုဆောင်တဲ့ နှစ်ဦးနှစ်ဖက်အလျော့အတင်း လေးတွေ လုပ်ပြီးမှ မြန်မာပြည်ကို ငြိမ်းချမ်းသာယာအောင်၊ တရားမျှတအောင် အဲ့လိုသွားမယ့် လမ်းစလုပ်လိုက် တယ်လို့မြင်ပါတယ်။ အခုလိုရင်လည်း တပ်မတော်နဲ့ ပြည်သူတွေကြား တရားစွဲဆိုမှုတွေပြုလုပ်နေတဲ့ အတွက် သူတို့ဘက် ကောင်းသောအမြင်နဲ့ရည်ရွယ်ပြီး လုပ်တယ်လို့ မြင်တယ်” ဟု ပြောဆိုခဲ့တယ်။

ယခုလိုအမှုရုတ်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် ကချင်လူထုက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုကြောင်း ဆက်လက် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံတွင် ခရစ်ယာန်ကိုးကွယ် ယုံကြည်မှုကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်နေကြောင်း ပြောဆိုခဲ့သည့်အပေါ် ယခုလို တပ်မတော်ဘက်မှ တရားစွဲဆိုရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...